အင်ဒိုနီးရှား၏ အငြင်းပွားဖွယ် အခွန်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အတွက် သဘောထားကွဲလွဲမှု ဖြစ်ပွား

အင်ဒိုနီးရှား၏ အငြင်းပွားဖွယ် အခွန်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အတွက် သဘောထားကွဲလွဲမှု ဖြစ်ပွား
Published 9 October 2016

အင်ဒိုနီးရှားအစိုးရက အခွန်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို  စတင်ခဲ့ပြီးနောက် လအနည်းငယ် အတွင်းမှာပင် ဒေါ်လာ ခုနစ်ဘီလျံကျော်အထိ ရရှိခဲ့ပြီးနောက် အောင်မြင်ခဲ့သည်ဟု ဂုဏ်ပြုခဲ့သော်လည်း ယင်းအငြင်းပွားဖွယ် အခွန်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်သည် အလွန်အမင်း ချမ်းသာကြွယ်ဝသူများကို လွတ်မြောက်ခွင့် ပေးထားကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။
ယင်းအစီအစဉ်ကို အာဏာပိုင်များက ပြီးခဲ့သော ဇူလိုင်တွင် စတင်ခဲ့ပြီး လျှို့ဝှက်ထားသော ပိုင်ဆိုင်မှုများကို ကြေညာရန် နိုင်ငံသားများကို တိုက်တွန်းခဲ့ပြီး အပြန်အလှန်အားဖြင့် ယင်းကဲ့သို့ ထုတ်ဖော်ကြေညာသူများသည် ပုံမှန်အခွန်စည်းကြပ်မှုနှုန်းထက် နည်းသောပမာဏဖြင့်သာ အခွန်ဆောင်ရမည်ဖြစ်ကြောင်း ဆွဲဆောင်ခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် သမ္မတသက်တမ်း နှစ်နှစ်နီးပါး ရှိလာချိန်တွင် အရှေ့တောင်အာရှ ထိပ်တန်းစီးပွားရေးကို အရှိန်အဟုန် မြှင့်ရန်အတွက် ငွေကြေးအလွန်အမင်း လိုအပ်နေသည်။ ယင်းအခွန် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်သည် ပြည်ပမှ အထူးသဖြင့် စင်ကာပူတွင် နိုင်ငံသားများက လျှို့ဝှက်သိမ်းဆည်းထားသော ဒေါ်လာဘီလျံနှင့် ချီသည့်ငွေများကို ပြန်လည်ရရှိစေမည်ဟု တာဝန်ရှိသူများက မျှော်လင့် ထားသည်။ ထို့ပြင် လူဦးရေ ၂၅၅ သန်းရှိသော အင်ဒိုနီးရှားတွင် တရားဝင်အခွန်ဆောင်သူအရေအ တွက်သည် သန်း ၃၀ (လူဦးရေစုစု ပေါင်း၏ ၁၀ ရာ ခိုင်နှုန်း) ခန့်သာ ရှိပြီး ယင်းအစီအစဉ်မှတစ်ဆင့် အခွန်ဆောင်သူ အရေအတွက် မြင့်တက်လာစေရန် ၎င်းတို့က မျှော်လင့်ထားသည်။
ထုတ်ဖော်ကြေညာသည့် ပိုင်ဆိုင်မှု၏ နှစ်ရာခိုင်နှုန်း အထိသာ အခွန်ပေးဆောင်ရသည့် ယင်းလွတ် ငြိမ်းချမ်းသာခွင့် အစီအစဉ်၏ ပထမအဆင့်သည် ပြီးခဲ့သောသီတင်းပတ်တွင် ပြီးဆုံးခဲ့ပြီး စိတ်ဝင်စားမှု အလွန်အမင်း မြင့်တက်မှုကြောင့် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သောရလဒ် ရရှိခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်တွင် လူပေါင်း ၃၅၀၀၀၀ ကျော်က ပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်း ရူပီးယား ၃၆၂၀ ထရီလျံ (ဒေါ်လာ ၂၇၈ ဘီလျံ) ကို ထုတ် ဖော်ကြေညာခဲ့ပြီး အစိုးရသည် အခွန်ရူပီးယား ၉၇ ဒသမ ၂ ထရီ လျံ (ဒေါ်လာ ၇ ဒသမ ၄၆ ဘီလျံ) အထိ ရရှိခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဂျိုကိုဝီဟုလည်း လူသိများသော ဝီဒိုဒိုက အစိုးရကို ပြည်သူများနှင့် စီးပွားရေး အသိုက်အဝန်း၏ ယုံကြည်မှုကို ချီးကျူးခဲ့ချိန်တွင် လာမည့်နှစ် မတ်အထိ လုပ်ဆောင်မည့် ယင်းအခွန် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၏ တာထွက်ကောင်းမှုကို လေ့လာသူများက ကြိုဆိုခဲ့ကြသည်။
အလွန်အမင်း ချမ်းသာကြွယ်ဝသူများသည် ၎င်းတို့၏ ပိုင်ဆိုင်မှု အရပ်ရပ်ကို မည်သည့်အခြေအနေမှ ရရှိခဲ့ကြောင်း ထုတ်ဖော်ကြေညာရန် မလိုသည့် ယင်းအခွန်လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို တက်ကြွ လှုပ်ရှားသူများနှင့် အစိုးရဝန်ထမ်း နယ်ပယ်အချို့က မကြာသေးမီ သီတင်းပတ်များအတွင်း အလွန်အမင်း ဒေါသထွက်ခဲ့ကြသည်။ အာဏာရှင်ဟောင်း ဆူဟာတို၏ သားဖြစ်သူ သန်းကြွယ်သူဌေး တွမ်မီဆူဟာတိုနှင့် အဓိကစီးပွားရေး လုပ်ငန်းစုကြီး Lippo Group ပိုင်ရှင် ဂျိမ်းစ်ရာဒီတို့သည် ပိုင်ဆိုင်မှုအရပ်ရပ်ကို အလျင်အမြန် လာရောက် ကြေညာခဲ့သည့် ထိပ်တန်းကြွယ်ဝသူများ စာရင်းတွင် ပါဝင်ခဲ့သည်။   
အင်ဒိုနီးရှားတွင် တစ်ဦးချင်း အခွန်ဆောင်မှုသည် ဝင်ငွေအပေါ် မူတည်၍ ငါးရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိရှိပြီး ကော်ပိုရိတ် အခွန်ကို ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ အခွန်လွတ်ငြိမ်းချမ်းသာခွင့် ပထမအဆင့်တွင် ပါဝင်ခဲ့သူများသည် ကြေညာခဲ့သော ပိုင်ဆိုင်မှုများ တန်ဖိုး၏ နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်း အကြားသာ ဆောင်ခဲ့ရကြောင်း သိရသည်။
“ဒီအခွန်လွတ်ငြိမ်းချမ်းသာခွင့်က သူဌေးကြီးတွေ အတွက်ပဲ ကောင်းတယ်” ဟု ဂျကာတာတွင် အိမ်သုံးကုန်များ ရောင်းချသော ဆိုင်ငယ်တစ်ဆိုင် ဖွင့်ထားသည့် အသက် ၃၀ အရွယ် လုပ်ငန်းရှင် ဂျွန်နီယူဆွတ်က ပြောကြားခဲ့သည်။ “ဒါမတရားဘူး။ ကျွန်တော်က အခွန်အမြဲဆောင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စိုးရိမ်မှုနှင့် ဆန့်ကျင်မှုများ ရှိနေသော်လည်း လေ့လာသုံးသပ်သူများကမူ ယင်းအခွန် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်၏ ကောင်းကျိုးများသည် ဆိုးကျိုးများအပေါ် ဖုံးလွှမ်းသွားမည်ဟု ယုံကြည်ထားကြသည်။   
Ref : AFP

Most Read

Most Recent