အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်အဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးလျက်ရှိ

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်အဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးလျက်ရှိ
Published 8 October 2016
ဝီရမိုးနေ

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် (CSO Forum) အဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲရေး အလုပ်အဖွဲ့ အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေး အပြီး ထပ်မံကျင်းပမည့် ညီလာခံမတိုင်မီ ကြားကာလ ခြောက်လတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပရန် စီစဉ်ထားကာ နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ကဏ္ဍတို့နှင့် ဆက်စပ်သည့် ခေါင်းစဉ်ခွဲ ၁၀ ကို အဆိုပါ ဆွေးနွေးပွဲ သုံးရပ်တွင် ခွဲဝေဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။ဦးစိုင်းကျော်ညွန့်က “CSO Forum ကတော့ အကြမ်းဖျင်းကတော့ အကြောင်းအရာအလိုက် ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲက CSO Forum ပေါ့။ အဲဒီလိုပဲ လောလောဆယ်တော့ ပြောထားတယ်။ သူက အမျိုးသား အဆင့်မှာ သုံးခုရှိမယ်။ လူမျိုးအလိုက် ဆွေးနွေးတာ ရှိမယ်။ ဒေသအလိုက် ဆွေးနွေးတာ ရှိမယ်။ အကြောင်းအရာအလိုက် ဆွေးနွေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိမယ်။ အဲဒီတော့ အကြောင်းအရာအလိုက် ဆွေးနွေးမယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို CSO Forum လို့ ခေါ်တယ်လို့ အဲဒါတော့ ဆွေးနွေးထားတာတော့ ရှိတော့။ အကြောင်းအရာအလိုက် ဆိုတာက မြေယာမူဝါဒတွေ၊ သဘာဝပတ်ဝန်းကျင်ပိုင်းတွေ၊ အဲဒီကိစ္စတွေ ပါမှာပေါ့။ နောက်ပြီး ကိုးကွယ်ယုံကြည်တဲ့ အပိုင်းတွေ အဲဒါတွေ ပါမှာပေါ့” ဟု ပြောကြားသည်။၂၀၁၆ ခုနှစ် မေ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က CSO များကို ငြိမ်းချမ်းရေး ညီလာခံတွင် ထည့်လိုက်မည် ဆိုပါက ညီလာခံ ဖောင်းပွသွားနိုင်ကြောင်းနှင့် ထို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) ဖိုရမ်တစ်ခုအား ထူထောင်ရန် မူအရ စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ဦးစိုင်းကျော်ညွန့်က “အကြောင်းအရာ သတ်မှတ်မှုကတော့ ဆွေးနွေးချက်တွေက ၁၀ ချက်လောက်တော့ ရှိပါတယ်။ ၁၀ ချက် ဆိုတာ နိုင်ငံရေးကဏ္ဍမှာ ခေါင်းစဉ်ကြီးနှစ်ခု၊ စီးပွားရေးကဏ္ဍမှာ ခေါင်းစဉ်ကြီးနှစ်ခု၊ ကျန်တဲ့ကဏ္ဍကတော့ လုံခြုံရေး၊ နောက် လူမှုရေးရော၊ မြေယာသဘာ၀ သယံဇာတ အဲဒီ ကဏ္ဍကြီး ငါးခုမှာ အောက်မှာက ခေါင်းစဉ်ကြီး နှစ်ခု၊ နှစ်ခုစီနဲ့ သွားမှာပေါ့။ အဲဒီနှစ်ခုတွေထဲကနေ ငါးခုလောက် ဖြစ်လိမ့်မယ်။ အတိအကျတော့ ကျွန်တော်တို့လည်း ပြောလို့ မရသေးဘူး။ အစည်းအဝေးမှာတင် ဆုံးဖြတ်ရမှာပေါ့။ CSO Forum လို့ခေါ်တဲ့ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ငါးခု၊ ခြောက်ခုလောက်က ဆွေးနွေးလို့ ရတယ်ပေါ့။ အဲဒီလို လုပ်ထားတာတော့ ရှိတယ်။ CSO Forum ဆိုတာ အကြောင်းအရာအလိုက် ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်တယ်ပေါ့။ ဒီလိုတော့ ပြောထားတယ်။ ဒါပေမဲ့ ဒါကို အတည်ပြုနိုင်ဖို့ကတော့ အစည်းအဝေးကျမှသာလျှင် အတည်ပြုလို့ ရသွားမယ်” ဟု ဆိုသည်။အရပ်ဘက် လူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း CSO Forum ဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းကာ CSO Forum ဖြစ်မြောက်ရေးအတွက် လုပ်ငန်းလမ်းညွှန် (မူကြမ်း)တစ်ခု ရေးဆွဲပြင်ဆင်ထားပြီး အဆိုပါ မူကြမ်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပနေသည့် အချိန်ကာလတစ်လျှောက် အပြိုင်ပြုလုပ်ရန် စီစဉ်ထားကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုဖွဲ့ထားသည့် အဖွဲ့အစည်းများမှ ဆွေးနွေးမှု၊ အကြံပြုချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ စုစည်းတင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လုပ်ငန်းလမ်းညွှန်မူကြမ်း ရေးဆွဲခြင်းကို အစိုးရ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အလုပ်အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။