မာဒါဂါစကာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တရုတ်ရွှေတွင်း လုပ်ငန်းများ ရပ်ဆိုင်း

မာဒါဂါစကာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် တရုတ်ရွှေတွင်း လုပ်ငန်းများ ရပ်ဆိုင်း
Published 8 October 2016

ဒေသခံများက ဆက်တိုက် ကန့်ကွက်ခဲ့ပြီးနောက် မာဒါဂါစကာရှိ တရုတ်ရွှေတွင်းကို လုပ်ငန်းရပ်ဆိုင်းထားကြောင်း ယင်းရွှေတွင်းအား ဦးစီး လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီ Jiuxing Mines က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ မာဒါဂါစကာ မြို့တော် အန်တာနာနာရီမို၏ အနောက်ဘက် ဆိုအာမာဟာမာနီနာမြို့ရှိ ရွှေတွင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း Jiuxing Mines ၏ ပြောခွင့်ရပုဂ္ဂိုလ် စတယ်လာအင်ဒရီရာမာမိုဂျီက ပြောကြားခဲ့သည်။
Jiuxing Mines သည် ရွှေတွင်းလုပ်ကိုင်ခွင့် နှစ် ၄၀ ရရှိထားပြီး မေလက တရားဝင် ဖွင့်လှစ်ခဲ့ပြီးနောက် ယင်းရွှေတွင်းတွင် မာဒါဂါစကာ ၁၁ ဦးနှင့် တရုတ်အလုပ်သမား ၂၀ ကို အချိန်ပြည့် ခန့်ထားသည်။ ရွှေတွင်းကြောင့် ၎င်းတို့၏ နယ်မြေများ ပျက်စီးသည်ဟုဆိုကာ ဒေသခံများသည် ဇွန်လမှစပြီး ယင်းရွှေတွင်းအား ကန့်ကွက်ခဲ့ကြသည်။ ရွှေတွင်းလုပ်ငန်းအတွက် ဒေသခံ အများစုက လက်မခံခဲ့ဘဲ တရုတ်ကုမ္ပဏီ ထွက်ခွာသွားရန်လည်း တောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့် စက်တင်ဘာနှောင်းပိုင်းတွင် ဒေသခံ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ ရွှေတူးဖော်မှုအား ပြန်လည် မစတင်မီ ဒေသခံများ၏ ဆန္ဒဖြစ်သော ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်းဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အင်ဒရီရာမာမိုဂျီက ပြောကြားခဲ့သည်။
Jiuxing Mines ၏ လုပ်ကိုင်ခွင့်အတွက် သတ်မှတ်ထားသော စည်းကမ်းချက် တစ်ခုအရ ကုမ္ပဏီ အနေဖြင့် လမ်းများ တည်ဆောက်ပေးရမည်ဖြစ်ပြီး မြို့ကိုလည်း လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဌာန တစ်ခုကို ပြုပြင်ပြီး အသစ်တစ်ခု တည်ဆောက်ပေးရမည် ဖြစ်သည်။ ကမ္ဘာတွင် စတုတ္ထမြောက် အကြီးဆုံး ကျွန်းနိုင်ငံ မာဒါဂါစကာတွင် နှစ်စဉ် ရွှေသုံးတန်မှ လေးတန်အတွင်း ထုတ်လုပ်နေခြင်းလည်း ဖြစ်သည်။
Ref: AFP

Most Read

Most Recent