ကိုလံဘီယာတွင် FARC သူပုန်များ ၎င်းတို့ ပုန်းခိုရာ နေရာများသို့ ပြန်လည် ထွက်ခွာ

ကိုလံဘီယာတွင် FARC သူပုန်များ ၎င်းတို့ ပုန်းခိုရာ နေရာများသို့ ပြန်လည် ထွက်ခွာ
Published 7 October 2016

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များက သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့ပြီးနောက် FARC ပြောက်ကျားသူပုန်များသည် ကိုလံဘီယာ တောအုပ်နှင့် တောင်တန်းများရှိ ၎င်းတို့ ပုန်းခိုနေရာများသို့ အောက်တိုဘာ ၆ ရက်တွင် ပြန်သွားပြီဖြစ်ကြောင်း ကြက်ခြေနီ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကုလသမဂ္ဂက ကြီးကြပ်မည့် လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို ပြင်ဆင်နေစဉ်အတွင်း မာ့က်စ်ဝါဒီ သူပုန်များသည် ကိုလံဘီယာတောင်ပိုင်းရှိ အယ်ဒိုင်ယာမန်တေးဟု သိကြသော ဝေးလံသီခေါင်သည့် နေရာတစ်ခု၌ စုဝေးနေခဲ့ကြသည်။
သို့သော် အောက်တိုဘာ ၂ ရက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် အံ့သြတုန်လှုပ်ဖွယ် ရလဒ် ထွက်ပေါ်လာပြီးနောက် ၎င်းတို့ ခိုအောင်းရာ နေရာများဆီသို့ ပြန်သွားပြီဖြစ်ကြောင်း သူပုန်တို့ သွားလာရေးကို အကူအညီပေးနေသည့် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ သတင်းရင်းမြစ်များမှ သိရသည်။
“သူတို့ လက်နက်မကိုင်ဘဲ အရပ်ဝတ်တွေနဲ့ ခရီးသွားကြတာပါ” ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
အဆိုပါ သတင်းရင်းမြစ်များက တိုက်ခိုက်ရေးသမား ၆၀၀၀ နီးပါး ရှိသည့်အနက် ခရီးသွားရာတွင် မည်မျှသော အရေအတွက် ပါဝင်သည် ဆိုသည်နှင့် မည်ကဲ့သို့သော ခရီးသွားလာမှုမျိုးကို အသုံးပြုသည်ဟူသည်အား ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ကိုလံဘီယာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲအကြား ယိုင်တီးယိုင်တိုင် လျှောက်လှမ်းနေချိန်၌ သူပုန်များ နေရာရွှေ့ပြောင်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လက်ယာယိမ်း သဘောထား တင်းမာသူများက ကန့်ကွက်မဲပေးကြရန် အောင်မြင်စွာ မဲဆွယ်နိုင်ခဲ့ပြီးနောက် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်နှင့် FARC သူပုန်များသည် လေးနှစ်နီးပါးကြာအောင် စေ့စပ်ညှိနှိုင်းခဲ့ရသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို စွန့်လွှတ်ခဲ့ရသည်။
ကန့်ကွက်မဲပေးရေးကို ဦးဆောင်ခဲ့သည့် သမ္မတဟောင်း အယ်ဗာရိုအူရီဘေးက ယခု သဘောတူညီချက်သည် သူပုန်များအား  ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် အရေးယူခံရခြင်းမှ ကင်းလွတ်ရန် ကမ်းလှမ်းပေးခဲ့ကြောင်းနှင့် ကိုလံဘီယာနိုင်ငံကို ကက်စထရိုနှင့် ချေဝါဒလမ်းကြောင်းပေါ်သို့ ရောက်ရှိစေလိမ့်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ကက်စထရိုနှင့် ချေဝါဒဟူသည့် ကျူးဘားနှင့် ဗင်နီဇွဲလားနိုင်ငံများရှိ လက်ဝဲစွန်းရောက် အစိုးရအဖွဲ့များကို ရည်ညွှန်းခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်း အမွေကို ပန္နက်ရိုက်ခဲ့သော ဆန်းတို့စ်က နိုင်ငံသည် ယခုအခါ၌ အလွန်အန္တရာယ်ကြီးသော မရေမရာ အနေအထားတစ်ရပ် အတွင်း၌ ကျရောက်နေပြီဖြစ်ကြောင်း သတိပေးခဲ့သည်။
ဖြေရှင်းစရာ နည်းလမ်း မတွေ့ပါက ကိုလံဘီယာ စစ်တပ်သည် FARC နှင့် အပစ်အခတ် ရပ်စဲရေးကို ယခုလအကုန်၌ ရပ်တန့်တော့မည်ဖြစ်ကြောင်း ဆန်းတို့စ်က ပြောကြားခဲ့သည်။ သို့သော် သူက နောက်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေး နောက်ဆုံးရက်ကို ချဲ့ထွင်နိုင်သည်ဟုလည်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent