အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်
Published 5 October 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေအား အောက်တိုဘာ ၄ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့သည်။ ထို့နောက် ယင်းဥပဒေကြမ်းအား အမျိုးသား လွှတ်တော်သို့ ပြည်သူ့လွှတ်တော်က ပေးပို့ခဲ့ပြီး အမျိုးသား လွှတ်တော်ကလည်း ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ရာ လွှတ်တော်နှစ်ရပ် သဘောတူညီသည့်အတွက် ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။
အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အားလုံးသည် မျှတမှုကို ပယ်ဖျက်ထားသည့် ရေးသားပြဋ္ဌာန်း ချက်များသာ ဖြစ်သဖြင့် အာဏာပိုင်များအတွက် အလွန်အသုံးတည့်သော ဥပဒေဖြစ်သော်လည်း နိုင်ငံသားများ အတွက်မူ မျှတမှုကင်းမဲ့သော လိုသလို ဖမ်းဆီးနိုင်သော နိုင်ငံသားများ၏ အခွင့်အရေးကို အချိန်မရွေး ပယ်ဖျက်နိုင်သော၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်မှုကို ဆန့်ကျင်နေသော၊ ဥပဒေဖြစ်နေသည့် အတွက် ရုပ်သိမ်းသင့်သည့် ဥပဒေဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားထားသည်။
ယင်းရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၉ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်ကာလ နိုင်ငံတော်တွင် ရောင်စုံသောင်းကျန်းသူများ၏ ဘေးအန္တရာယ်ကြောင့် အမှန်တကယ် အရေးပေါ် အခြေအနေ ပေါ်ပေါက်ခဲ့သဖြင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကာလသည် ထိုကဲ့သို့သော အရေးပေါ် အခြေအနေ ပေါ်ပေါက်နိုင်သည့် အနေအထား မရှိကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။
ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဦးတည်ပြီး အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်း၊ တည်ဆဲ အခြားဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နိုင်ခြင်း၊ အရေးပေါ် အခြေအနေ ပေါ်ပေါက်ပါကလည်း တည်ဆဲဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း တို့ကြောင့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။