အမေရိကန် ပြည်ထောင်စု ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့ ရန်ကုန်မြို့၌ တွေ့ဆုံ

အမေရိကန် ပြည်ထောင်စု ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့ ရန်ကုန်မြို့၌ တွေ့ဆုံ
Published 4 October 2016
ကျော်ဇင်ဝင်း

အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်သည် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့နှင့် အောက်တိုဘာ ၃ ရက်  မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတွင် တွေ့ဆုံခဲ့ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမတ်ကြီး မစ္စတာစကော့မာစီရယ်လ် ပါဝင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်၊ တိုင်းရင်းသား လူမျိုးရေးရာစင်တာ (ENAC) မှ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့ ပါဝင်ကြောင်း UNFC ၏ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတွေ့ဆုံမှု၌ လက်ရှိမြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် အမြင်သဘောထားများကို လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန် အစိုးရ၏ ရပ်တည်ချက် သဘောထားနှင့် မကြာမီက ကြေညာခဲ့သော မြန်မာပြည်အပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးမူဝါဒ သဘောထားများကို လည်းကောင်း နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
“အဓိက သူတို့က ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာဖြေရှင်းတဲ့ နေရာမှာ အခြေအနေ မေးမြန်းတာပါ။ အခြေအနေ မေးမြန်းတဲ့ အပေါ်မှာ အန်ကယ်တို့လည်း အန်ကယ်တို့ တွေ့ကြုံခဲ့တဲ့ အနေအထားတွေကို တင်ပြတာပါ။ ဒီလောက်ပါပဲ။ သူတို့အနေနဲ့လည်း တစ်ဖက်က သူတို့ပြောတယ်။ ပြောင်းလဲလာတဲ့ အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေကို သူတို့က ဖွင့်ပေးပေမယ့် စစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်နက်တွေ ရောင်းဝယ်တဲ့ကိစ္စကို သူတို့က ဖွင့်မပေးသေးပါဘူးတဲ့။ နောက်ပြီးတော့ တချို့ပုဂ္ဂိုလ်တွေပေါ်မှာလည်း သူတို့ ကန့်သတ်ထားတာကို မဖျက်သိမ်းပါဘူးတဲ့ အဲဒီလောက်ပါပဲ သူပြောပါတယ်” ဟု UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။
ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်သည် အမေရိကန်စင်တာ၏ စကားရည်လုပွဲ အသင်းဝင်များ အပါအဝင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ နှီးနှောဖလှယ်ရေး အစီအစဉ်များတွင် ပါဝင်တက်ရောက် ခဲ့ဖူးသူများနှင့် တွေ့ဆုံကာ အရပ်ဘက်-စစ်ဘက် ရေးရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီ တစ်ရပ်တွင် စစ်တပ်ကို အရပ်ဘက်မှ ထိန်းကွပ်ရေးက အရေးကြီးသည့် အကြောင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးတို့က အရေးကြီးသည့် အကြောင်းတို့ကို ဒုတိယဗိုလ်ချုပ်ကြီး ခရပ်ချ်ဖီးလ်က အလေးထား ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
အမေရိကန် ပြည်ထောင်စု ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်သည် မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မြန်မာလူငယ်များနှင့် တွေ့ဆုံရန်အတွက် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ လာရောက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။