သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေါ်လာ သန်း ၇၆၀ ကျော်မြှုပ်နှံထားပြီး ပြည်ပပို့ကုန် ဒေါ်လာ ၂၄၁ သန်းရှိရန် ခန့်မှန်းထားကာ လာမည့်နှစ် အနည်းငယ်အတွင်း မြှုပ်နှံငွေ ဒေါ်လာ တစ်ဘီလျံနှင့် တစ်နှစ် ဒေါ်လာ သန်း ၃၅၀ အထိ တင်ပို့နိုင်ရန် မျှော်မှန်း

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေါ်လာ သန်း ၇၆၀ ကျော်မြှုပ်နှံထားပြီး ပြည်ပပို့ကုန် ဒေါ်လာ ၂၄၁ သန်းရှိရန် ခန့်မှန်းထားကာ လာမည့်နှစ် အနည်းငယ်အတွင်း မြှုပ်နှံငွေ ဒေါ်လာ တစ်ဘီလျံနှင့် တစ်နှစ် ဒေါ်လာ သန်း ၃၅၀ အထိ တင်ပို့နိုင်ရန် မျှော်မှန်း
Published 4 October 2016
ဖြိုးဝေ

သီလဝါ အထူးစီးပွားရေးဇုန်တွင် ဒေါ်လာ သန်း ၇၆၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ပြည်ပပို့ကုန် ဒေါ်လာ ၂၄၁ သန်းအထိ ရှိမည် ခန့်မှန်းထားကာ လာမည့်နှစ် အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာတစ်ဘီလျံအထိ ရောက်ရှိ၍ တစ်နှစ်ဒေါ်လာ သန်း ၃၅၀ အထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း MTSH အများပိုင်ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သီလဝါ အထူးစီးပွားရေးဇုန်မှ ရရှိထားသော လေ့လာချက်များနှင့် ကိန်းဂဏန်းများအရ၊ ယုံကြည်စိတ်ချရသည့် အခြေခံ အဆောက်အအုံများ ပါရှိမှု၊ စွမ်းဆောင်ရည်ကောင်းသည့် တစ်နေရာတည်း ဝန်ဆောင်မှုနှင့် မြန်ဆန်သော လုပ်ငန်းစဉ်များကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများနှင့် ယုံကြည်မှုများ ရရှိနေပြီး အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။
စုစုပေါင်း မျှော်မှန်းထားသည့် ခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏမှာ ပျမ်းမျှအားဖြင့် ဒေါ်လာ သန်း ၇၆၀ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ဒေါ်လာ ၂၄၁ သန်း နိုင်ငံခြားသို့ တင်ပို့ကုန်များရှိမည်ဟု မျှော်မှန်းထားကာ နောင်နှစ် အနည်းငယ်အတွင်း ပိုမိုများပြားလာမည့် ရင်းနှီးမြှုပ်နှံသူများကြောင့် စုစုပေါင်း ရင်းနှီးမှုပမာဏ ဒေါ်လာ သန်း ၁၀၀၀ ရှိမည်ဟု မျှော်မှန်းထားပြီး ပြည်ပသို့ တင်ပို့နိုင်မည့်ပမာဏ ဒေါ်လာ သန်း ၃၅၀ ရှိမည်ဟု မျှော်မှန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံ စီးပွားရေးအား တိုးမြှင့်ပေးခြင်းနှင့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကြောင့် အလုပ်အကိုင် ၁၅၀၀၀ ခန့်နှင့် အနာဂတ်တွင် မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် ၂၀၀၀၀ မှ  ၃၀၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၁၈ ခုနှစ်တွင် Zone (A) Project ၌ အလုပ်အကိုင် အခွင့်အလမ်း အနည်းဆုံး ၄၀၀၀၀ ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် ဇုန် (A) ၏ ရောင်းနိုင်သော ဧရိယာဖြစ်သည့် ၈၇ ဒသမ ၆ ရာခိုင်နှုန်း (သို့) ၂၉၃ ဒသမ ၀ ဟက်တာအား မြေငှားရမ်းခြင်းနှင့် ပထမအဆင့် စာချုပ်ရေးထိုးခြင်းများ ရရှိခဲ့ပြီး စုစုပေါင်း ကုမ္ပဏီ ၇၂ ခုရှိကာ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ကုမ္ပဏီ ၆၄ ခုအား ရင်းနှီးမြှုပ်နှံခွင့်ပါမစ် ထုတ်ပေးထားသည်။
ရင်းနှီးမြှုပ်နှံခွင့်ပါမစ် ရရှိထားသော ကုမ္ပဏီများအနက် ကုမ္ပဏီ ၆၁ ခုသည် MUTD နှင့် မြေငှားရမ်းခြင်း သဘောတူစာချုပ် ရေးထိုးပြီးဖြစ်ကာ ကုမ္ပဏီ ၂၅ ခုသည် စက်ရုံများကို စတင်ဆောက်လုပ်နေပြီဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလယ်ယာသုံး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ယာဉ်သုံး ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် အခြားပံ့ပိုးမှုပေးသည့် လုပ်ငန်းများ ဖြစ်သည်။
MTSH အများပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ ခုနစ်ဦးက ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် လစာနှင့် အခြားခံစားခွင့်များ၊ ဆုကြေးများအဖြစ် ကျပ်သိန်း ၅၅၀၀ ကျော် ရယူထားပြီး ရှယ်ယာတစ်စု အမြတ်ငွေအဖြစ် ကျပ် ၂၅၀၀ ခွဲဝေပေးခဲ့ကြောင်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

Most Read

Most Recent