ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းလက်ကျန် များနေသဖြင့် မိုးစပါးအသစ် စတင်ပေါ်လာချိန်၌ စပါးဈေး ကျဆင်းနေ

ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းလက်ကျန် များနေသဖြင့် မိုးစပါးအသစ် စတင်ပေါ်လာချိန်၌ စပါးဈေး ကျဆင်းနေ
Published 4 October 2016
နီလာ

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်း၌ လက်ကျန်များနေသဖြင့် ယခုနှစ် မိုးစပါးအသစ် စတင်ပေါ်လာချိန်တွင် စပါးဈေး ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“Export မှာ ဆန်စပါးက တန်ချိန် နှစ်သိန်းကျော်လောက် လျော့နေတယ်။ ပြောင်း ဆိုလည်း လက်ရှိမှာ တရုတ်က အဝယ်နည်း နေတယ်။ အဓိကက ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံတဲ့ဟာကို ပြည်ပကို ပို့ရတာကိုး။ ပြည်ပကိုပို့တဲ့ဟာမှာ ပြည်ပပို့တာနည်းတဲ့ အတွက်ကြောင့် လောလောဆယ် စက်ပိုင်တွေ ကုန်သည်တွေမှာ လက်ကျန်များနေတယ်။ လက်ကျန်များနေချိန်မှာ အသစ်ပေါ်လာရင် ဒါတွေဝယ်ဖို့အတွက် သူတို့မှာ ငွေမရှိဘူး။ အဲဒီတော့ စပါးဈေး ကျဆင်းမယ့် အရာတွေ ဖြစ်လာတဲ့သဘောပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လက်ရှိကာလတွင် ဒေသအချို့တွင် သက်လျင်မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ စပါးတင်းတစ်ရာလျှင် ကျပ် ၃၆၀၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိနေကြောင်း တောင်သူများထံမှ သိရသည်။
ထို့ပြင် ယခုနှစ် မိုးစပါးစတင်ပေါ်လာချိန်၌ ဈေးကျဆင်းနေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ ရတနာတိုး မျိုးစပါးတွေ စရိတ်သိမ်းနေပါပြီ။ ခုချိန်က လယ်တွေထဲမှာ ရေကမခန်းခြောက်သေးတော့ အားလုံးကို အရိတ်အသယ်နဲ့လုပ်ကြတယ်။ တချို့က ရိတ်ခြွေစက်နဲ့ သိမ်းကြတယ်။ ရိတ်ခြွေစက်နဲ့က တစ်ဧကကို လေးသောင်းခွဲ၊ ငါးသောင်းရှိတယ်။ အဲဒီရိတ်ခြွေစက်နဲ့ လယ်ထဲမှာ ခြွေထားတဲ့စပါးကို အိမ်အထိသယ်တော့ တစ်တင်းကို ကျပ် ၂၀၀နဲ့ ငှားပြီး သယ်ရပြန်ရော။ ကုန်ကျစရိတ် အရမ်းများတယ်။ ဒါပေမဲ့ ဒီနှစ်မှာ စပါးဈေးက ကျပ် ၃၆၀၀၀၀ ပဲရှိနေတယ်။ ကုန်တာနဲ့ ပြန်ရတာ သိပ်မကိုက်ပါဘူးဗျာ” ဟု ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှ တောင်သူ ကိုအောင်ထူးက ပြောကြားသည်။
“ကျွန်တော်တို့ ဘက်မှာတော့ စပါးကို အရိတ်အသယ်နဲ့ ရိတ်ကြသယ်ကြရတယ်။ အရိတ်အသယ်ခက တစ်ဧကကို ကျပ် ၇၅၀၀၀ နဲ့ ၈၀၀၀၀ ကြားရှိတယ်။ ဒါက ကွင်းအနီး အဝေးကိုလိုက်ပြီး ဈေးကွာတာ။ အလုပ်သမားခ ဈေးကြီးသလောက် စပါးဈေးကျနေတယ်။ ခုချိန်က စပါးရင်တွေပဲ ရှိသေးတယ်။ တောင်ပျံစပါးတွေ ရိတ်သိမ်းတဲ့ အခါတော့ စပါးဈေးကောင်းဖို့ မျှော်လင့်ရတာပဲ” ဟု ပဲခူး (အနောက်) မှ တောင်သူတစ်ဦးက ပြောကြားသည်။
ယခုနှစ် တောင်သူများအတွက် စပါးဈေး အာမခံချက် အနေဖြင့် အစိုးရက အရန်ဆန်အား ဈေးတန်းတစ်ခု သတ်မှတ်ပြီး ဝယ်ပေးသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောကြားသည်။
“ခုစပါးသစ်ပေါက်ဈေး သုံးသိန်းကျော်ဟာ တောင်သူတွေအတွက် အရမ်းခက်ခဲ ကြွေးတင်စေမယ့်ဈေး စားဝတ်နေရေး ခက်ခဲစေမယ့် ဈေးပါ။ ဆန်စပါးကဏ္ဍ ဒီနှစ်မှာ အရေးကြီးနေပါပြီ။ တစ်နိုင်ငံလုံး တောင်သူတွေနဲ့ သက်ဆိုင်နေတဲ့ အရေးကြီး ဆန်စပါးကို နိုင်ငံတော် အဆင့်အနေနဲ့ ဈေးကွက်ရှာ ဆန်စပါး အသင်းတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးချိန် ရောက်နေပါပြီ” ဟု မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ဆက်လက် ပြောကြားသည်။                

Most Read

Most Recent