ဖမ်းဆီးထားသော မိုင်းလားအဖွဲ့ဝင်များအား ပြန်လွှတ်ခဲ့ပြီး ပြေလည်အောင် ညှိနှိုင်းမည်ဟု UWSA ဘက်က ပြောကြားထားသည်ဟု ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ပြောကြား

ဖမ်းဆီးထားသော မိုင်းလားအဖွဲ့ဝင်များအား ပြန်လွှတ်ခဲ့ပြီး ပြေလည်အောင် ညှိနှိုင်းမည်ဟု UWSA ဘက်က ပြောကြားထားသည်ဟု ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ပြောကြား
Published 3 October 2016
ဇင်ဘိုလွင်

ဖမ်းဆီးထားသော မိုင်းလားလက်နက်ကိုင် အဖွဲ့ဝင်များကို ပြန်လွှတ်လိုက်ပြီဖြစ်ပြီး ပြေလည်အောင် ညှိနှိုင်းမည်ဟု ‘ဝ’ သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဘက်က ပြောကြားထားသည်ဟု ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ဦးအိုင်ရုံးက ပြောကြားသည်။
ကာလရှည်ကြာ မဟာမိတ်အဖြစ် လက်တွဲနေသည့် ‘ဝ’ သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ အထူးဒေသ - ၄ မိုင်းလားအဖွဲ့ (NDAA) တို့အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် တိုက်ပွဲဖြစ်သည့် အဆင့်အထိ မဟုတ်ကြောင်းနှင့် UWSA အဖွဲ့ဘက်က မိုင်းလားစခန်း သုံးခုကို ဝိုင်းသည့်အဆင့်သာ ဖြစ်သည်ဟု ပန်ဆမ်းအခြေစိုက် UWSA ဘက်က ပြောကြောင်း ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ဦးအိုင်ရုံးက ပြောကြားသည်။
၀ နှင့် မိုင်းလား လက်နက်ကိုင် အဖွဲ့များမှာ မဟာမိတ်များ ဖြစ်သည့်အတွက် ယခင်အတိုင်းဖြစ်အောင် ပြန်လည်ပြီးတော့ ညှိနှိုင်းမည်ဟု ၀ အဖွဲ့က ပြောကြောင်းနှင့် ဖမ်းဆီးထားသည့် မိုင်းလား တပ်ဖွဲ့ဝင်များကိုလည်း ပြန်လွှတ်လိုက်ပြီဟု သိရကြောင်း ဦးအိုင်ရုံးက ဆိုသည်။
“ဘာပဲဖြစ်ဖြစ် ၀ နဲ့ မိုင်းလားဆိုတာက မဟာမိတ်တွေပဲလေ။ နဂိုအတိုင်း ဖြစ်အောင်ပေါ့။ ပြေလည်အောင်တော့ ပြန်လည်ပြီးတော့ ညှိနှိုင်းမယ်လို့တော့ ၀ အဖွဲ့က ပြောတယ်ဗျ။ ပြန်လွှတ်တဲ့ ဟာကတော့ သူတို့ မနေ့ကနဲ့တူတယ်။ အကုန်လုံးတော့ ကျွန်တော် မမေးလိုက်တော့ဘူး။ ဟုတ်တယ်ဆိုတဲ့ အကြောင်းတော့ အတည်ပြုချက်တော့ ပေးလိုက်တာပေါ့လေ။ ဒါပေမဲ့ တစ်ခုနဲ့တစ်ခု တစ်ဖွဲ့နဲ့ တစ်ဖွဲ့တော့ တိုက်တဲ့အဆင့်တော့ မဟုတ်ဘူးတဲ့။ နဂိုကတည်းက သူတို့က မဟာမိတ်တွေဆိုတော့ ဘာပဲဖြစ်ဖြစ် မဖြစ်စေချင်ဘူးပေါ့ဗျာ။ ၀ အဖွဲ့ကနေပြီးတော့ ဖမ်းထားတာတော့ မှန်တယ်။ ပြန်လွှတ်လိုက်ပြီ။ အယောက် ၁၅၀ တဲ့” ဟု ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ဦးအိုင်ရုံးက အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ဦးအိုင်ရုံးသည် စက်တင်ဘာ ၃၀ ရက် အထိ UWSA ဌာနချုပ် အခြေစိုက်ရာ ပန်ဆန်းတွင်ရှိနေပြီး ယင်းကာလ အတွင်းကမူ စစ်ရေးအခြေအနေ တင်းမာသည်ဟု မကြားခဲ့ရကြောင်း ၎င်းကဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုင်းလားအဖွဲ့ဘက်မှ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။ UWSA အဖွဲ့နှင့် နီးစပ်သူ တစ်ဦးကမူ အောက်ခြေအဆင့်တွင် ဖြစ်ပွားသည့် ကိစ္စများသာ ဖြစ်ကြောင်း၊ လက်ရှိတွင် ပြေလည်သွားပြီဖြစ်ပြီး ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလိုတော့ကြောင်း အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခွဲခန့်က ပြောကြားသည်။
မိုင်းလားတပ်ဖွဲ့ဝင်များဟု ယူဆရသူများကို UWSA တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းသည်ဟု ယူဆရသော ဗီဒီယိုဖိုင် တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဆိုသည်ကိုမူ UWSA ဘက်က မပြောကြောင်းနှင့် ပြီးခဲ့သည့် နှစ်နှစ်ခန့်ကလည်း ၀ နှင့် မိုင်းလား အဖွဲ့အကြား ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၁) ဦးအိုင်ရုံးက ပြောကြားသည်။