ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း လေးလောင်းပြိုင်လူသတ်မှု၊ လူသတ် အလောင်းစွန့်ပစ်မှုများ အပါအဝင် ဖြစ်ပွားခဲ့သည့် လူသတ်မှုပေါင်း ၁၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ထိုသို့ ၂၀၁၆ ခုနှစ် ကိုးလအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်များအပြင် မုဒိမ်းမှုမှာလည်း ၁၅၀ နီးပါးဖြစ်ပွားခဲ့ပြီး၂၀၁၅ ခုနှစ် တစ်နှစ်လုံးစာ ဖြစ်ပွားခဲ့သည့် ၁၁၀ မှုကို ကျော်လွန်သွားပြီဖြစ်ကြောင်း မှုခင်းစာရင်းဇယားများအရ သိရသည်။ယခုနှစ်ကိုးလအတွင်း လူသတ်ပြီး အလောင်းစွန့်ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီး နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို သတ်ပြီး အလောင်းကိုစွန့်ပစ်မှုမှာ မင်္ဂလာဒုံမြို့နယ်တွင်လည်းကောင်း၊ အမျိုးသားတစ်ဦးကို သတ်ပြီး ပီနန်အိတ်ဖြင့်ထုပ်ကာ မော်တော်ယာဉ်ဖြင့် လာရောက်စွန့်ပစ်မှာ သင်္ဃန်းကျွန်းမြို့နယ်တွင်လည်းကောင်း၊ အမျိုးသားတစ်ဦးအား သတ်ပြီး ချောင်းရိုးတစ်ခုအတွင်းသို့ စွန့်ပစ်ထားမှုတစ်ခုမှာ သုံးခွမြို့နယ်တွင်လည်း ကောင်း၊ အမျိုးသားတစ်ဦးကို ကားထဲတွင်သတ်၍ ကားနှင့်လူကို စွန့်ပစ်ထားခဲ့မှု မင်္ဂလာဒုံမြို့နယ်တွင်လည်းကောင်း အသီးသီးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အချို့မှ ကျူးလွန်သူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခြင်း မရှိသေးပေ။မင်္ဂလာဒုံမြို့နယ်တွင် ကားနှင့်အလောင်းကို စွန့်ပစ်ခဲ့သည့်ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဇွန် ၁၉ ရက် နံနက် ၈ နာရီကျော်က မင်္ဂလာဒုံမြို့နယ်၌ ယန္တရားတပ်အနီး ပြည်လမ်းမပေါ်၌ အငှားယာဉ်တစ်စီးအတွင်း အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိကြောင်းသိရသဖြင့် သက်ဆိုင်ရာရဲ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ယာဉ်ထဲတွင် ပါးစပ်တွင်တိပ်ဖြင့်ရစ်ပတ်ကာ အပိတ်ခံထားရပြီး ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လက်သန်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။“လူသတ်မှုတွေက များသောအားဖြင့် ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဖြစ်များတာကို တွေ့ရတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ လူနေမှုစီးပွားရေးနိမ့်ကျတာ၊ အသိပညာ အားနည်းတာတွေကြောင့် အဖြစ်များတာပေါ့။ နောက်ပြီး ဒေါသစိတ်ကို မဆင်ခြင်နိုင်လို့ ဖြစ်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ထိုသို့ လေးလောင်းပြိုင်လူသတ်မှု၊ လူသတ် အလောင်းစွန့်ပစ်မှုများအပါအဝင် အခြားအကြောင်းအရာများကြောင့်လည်း လူသတ်မှု၊ ဓားထိုးမှုများ အများအပြား ဖြစ်ပွားခဲ့ပြီး လူမြင်ကွင်း၌ လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပထမတွင် မှုခင်းအဖြစ်များသည့် မြို့နယ် လှိုင်သာယာ မြို့နယ် အပါအဝင် လေးမြို့နယ်တွင်လည်းကောင်း၊ ဆက်လက်၍ မှုခင်းအဖြစ်များသည့် မြို့နယ်များပင်ဖြစ်သော ဒဂုံမြောက်မြို့နယ်၊ သာကေတမြို့နယ် အပါအဝင် ရှစ်မြို့နယ်တွင်လည်းကောင်း စီမံချက်ချမှတ်ကာ မှုခင်းဖြစ်စဉ်များ လျော့နည်းစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မှုခင်းကျဆင်းရေး ရှစ်မြို့နယ်စီမံချက်မှာ ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက် အထိဖြစ်ပြီး ယင်းစီမံချက်ကာလ၌ လေးလောင်းပြိုင် လူသတ်မှုအပါအဝင် လူသတ်မှုခြောက်မှု၊ မုဒိမ်းမှုငါးမှု၊ လုယက်မှုတစ်မှု အပါအဝင် အခြားအမှုပေါင်း ၂၃၁ မှုတို့ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အချို့မှ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသော်လည်း ကြိုတင်ကာကွယ်မှု အနေဖြင့် လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ယစ်မျိုးမှု၊ ခြေချုပ်ဖောက်ဖျက်မှု၊ ပြည့်တန်ဆာမှုနှင့် မော်တော်ယာဉ် အက်ဥပဒေ ချိုးဖောက်မှုများ အပါအဝင် ကြို တင်ကွယ်မှုပေါင်း ၁၉၈၇ မှုကို ဖမ်းဆီးအရေး ယူနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၆ ခုနှစ် ကိုးလအတွင်း လူသတ်မှု ၁၂၅ မှု၊ ဓားပြမှုတစ်မှု၊ လုယက်မှု ၃၉၊ မုဒိမ်းမှု ၁၄၉ မှုတို့ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း လူသတ်မှု ၁၉၁ မှု၊ ဓားပြမှုလေးမှု၊ လုယက်မှု ၆၇ မှု၊ မုဒိမ်းမှု ၁၁၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ယခုနှစ် ကိုးလအတွင်း ရန်ကုန်တိုင်း၌ လေးလောင်းပြိုင်လူသတ်မှု၊ လူသတ် အလောင်းစွန့်ပစ်မှုများ အပါအဝင် ဖြစ်ပွားခဲ့သည့် လူသတ်မှုပေါင်း ၁၂၀ ကျော်ရှိ