ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသူများအား အကူအညီပေးနိုင်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များအား အဟန့်အတားမရှိ အမြန်ဆုံး ဝင်ရောက်ခွင့်ပေးရန် အမေရိကန်သံရုံး တိုက်တွန်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသူများအား အကူအညီပေးနိုင်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များအား အဟန့်အတားမရှိ အမြန်ဆုံး ဝင်ရောက်ခွင့်ပေးရန် အမေရိကန်သံရုံး တိုက်တွန်း
Published 2 October 2016

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသူများအား အကူအညီပေးရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများအား အဟန့်အတားမရှိ အမြန်ဆုံး ဝင်ရောက်ခွင့်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တိုက်တွန်းကြောင်း စက်တင်ဘာ ၃၀ ရက်က အမေရိကန်သံရုံး၏ U.S.Embassy Rangoon Facebook စာမျက်နှာတွင် ရေးသားထားသည်။အဆိုပါ ရေးသားချက်၌ ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် အလွန်ခက်ခဲနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကြောင့် အမေရိကန်သံရုံး အနေဖြင့် များစွာ စိုးရိမ်မိကြောင်း၊ ရန်လိုမှုများ အမြန်ဆုံး ရပ်တန့်ကြရန် ဤတိုက်ပွဲများတွင် ပါဝင်ပတ်သက်နေသူများကို တိုက်တွန်းကြောင်းနှင့် အရပ်သားများကို ကာကွယ်ရန်အတွက် ၎င်းတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို တိတိကျကျ လိုက်နာကြရန်လည်း တိုက်တွန်းရေးသားထားသည်။“နေရပ်စွန့်ခွာ ထွက်ပြေးနေသူများနှင့် တိုက်ပွဲများကြောင့် ဒုက္ခရောက်ရသူများအား အကူအညီပေးနိုင်ရန်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများအား အဟန့်အတားမရှိ အမြန်ဆုံးဝင်ရောက်ခွင့် ပေးပါရန်ကိုလည်း သက်ဆိုင်ရာအာဏာပိုင်များကို မိမိတို့ တိုက်တွန်းပါသည်။ နယ်မြေအတွင်း တိုးပွားလာနေသော ပဋိပက္ခများက ဒေသခံ လူထုအတွက် ဒုက္ခများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးစေရန် ဦးတည်စေပါသည်” ဟု အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ထို့ပြင် တိုက်ပွဲများကြောင့် မကြာသေးမီက စတင်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံမှ ရရှိခဲ့သည့် တိုးတက်မှုများနှင့် ချစ်ကြည်မှုများကို ပျက်ပြားစေနိုင်သော အလားအလာများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ ရန်လိုမှုများ ရပ်တန့်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုများအပေါ် ကန့်သတ်မှုများ ဖယ်ရှားပေးခြင်းနှင့် အဓိပ္ပာယ်ပြည့်ဝသော အပြန်အလှန် ဆွေးနွေးပွဲ စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်ခြင်းတို့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတစ်ရပ်ကို ပိုမိုခိုင်မာ စိတ်ချရစေရန်အတွက် လွန်စွာအရေးကြီးကြောင်း ရေးသားထားသည်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာစီရယ်လ်သည် ကချင်ပြည်နယ်သို့ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။ခရီးစဉ်အတွင်း သံအမတ်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း၊ စစ်ရှောင်စခန်းများသို့ သွားရောက်ခြင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ မြစ်ကြီးနားမြို့ အခြေစိုက် KIO နည်းပညာ အကြံပေးအဖွဲ့၊ ကချင်လူမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ဝင်များ၊ ဒုတိယကမ္ဘာစစ်ကျန် ကချင်ရိန်းဂျား (၁၀၁) ဝမ်းအိုဝမ်း အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် မနောကွင်း မဂျွယ်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။အပစ်အခတ်ရပ်စဲရေးတွင် KIA ပါဝင်လာရန် မျှော်လင့်ကြောင်း အမေရိကန်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု KIO နည်းပညာ အကြံပေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး၏ ပြောကြားချက်အရ သိရသည်။အလားတူ သံအမတ်ကြီးသည် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းမျိုးနွယ်စု အဖွဲ့ဝင်များနှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက လူ့အခွင့်အရေး ချိုးဖောက်နေမှုနှင့် တိုင်းရင်းသား အခွင့်အရေးများ၊ စီးပွားရေး ကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။