(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံ၏ ကော်မတီ အစည်းအဝေးများ ဆက်လက်ပြုလုပ်

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံ၏ ကော်မတီ အစည်းအဝေးများ ဆက်လက်ပြုလုပ်
Published 2 October 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံ (Asean Inter Parliamentary Assembly-AIPA) ၏ ကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်ရှိ The Royal ACE hotel ၌ ပြုလုပ်ခဲ့သည်။AIPA ညီလာခံကို စက်တင်ဘာ ၃၀ ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညီလာခံ၏ ဒုတိယနေ့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အမျိုးသမီးရေးရာများကို ကော်မတီများအလိုက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။နိုင်ငံရေးဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် ရှစ်ကြိမ်မြောက် ညီလာခံတွင် တင်သွင်းခဲ့သည့် AIPA Caucus၊ Asean-AIPA ပူးတွဲအစည်းအဝေးတွင် တင်သွင်းသည့် အစီရင်ခံစာ၊ မြန်မာနိုင်ငံမှ တင်သွင်းသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရာတွင် ရရှိနိုင်သည့် နိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း သွားလာရေးနှင့် သမုဒ္ဒရာ သယံဇာတများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရေး၊ AIPA နှင့် အာဆီယံ ချိတ်ဆက်သည့်အခါ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းနှင့် ယင်းအချက် ခြောက်ချက်အနက် AIPA နှင့် အာဆီယံ ချိတ်ဆက်သည့်အခါ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။“ဒီနေ့ဆွေးနွေးခဲ့တာ အချက်ခြောက်ခုတော့ ရှိတယ်။ သို့သော်လည်း အချက်ငါးချက်ကို အောင်မြင်စွာ ဆွေးနွေးနိုင်တယ်လို့ ပြောရမှာပေါ့။ တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာ မရှိခဲ့ပါဘူး” ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။စီးပွားရေးဆိုင်ရာ ကော်မတီ အစည်းအဝေးမှ ဦးသန်းစိုး(ဘောဂဗေဒ)က “AEC နဲ့ ပတ်သက်လို့ ကျွန်တော်တို့က ဥပဒေပြုရေး အပိုင်းကဆိုတော့ ဥပဒေပြုတဲ့နေရာမှာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဘယ်အချက်တွေ ဘယ်လိုပါဖို့ ကျွန်တော်တို့ တွန်းအားပေးတာပေါ့။ အဲဒီအချက်ကို ကျွန်တော်တို့ ပိုပြီးပြောခဲ့ပါတယ်။ Resolution ထွက်လာတဲ့ အခါကျရင်တော့ အဲဒီမှာပိုပြီး အသေးစိတ် ပါလာမှာပါ” ဟု ပြောကြားသည်။ထို့အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က “ဒီနေ့တော့ အာဆီယံ အမျိုးသမီး အဖွဲ့အစည်း ဆွေးနွေးတယ်။ အရင်ကတော့ ဝိုက်ပိုလို့ ခေါ်တယ်။ အခုတော့ ဝိုက်ပါပေါ့။ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းလေးတွေကို ပိုမို ကောင်းမွန် ပြုပြင်တာ ရှိတယ်။ အန်တီတို့ မြန်မာနိုင်ငံက နှစ်ခုတင်တာ ရှိတယ်။ အဲဒါတွေက အလုပ်ခွင်မှာရှိတဲ့ အမျိုးသမီးတွေအတွက် ပိုပြီးတော့မှ သင့်တင့်ကောင်းမွန်ပြီးတော့ လုံခြုံစိတ်ချရတဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ရဖို့အတွက် လူမှုကာကွယ် စောင့်ရှောက်မှုတွေနဲ့ တန်းတူအခွင့်အရေးတွေ တိုးမြှင့်ပြီးတော့ ဆောင်ရွက်ဖို့ကို တင်တဲ့အခါမှာ အဲဒီလိုဆိုရင်တော့ အားလုံးက ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုခဲ့တယ်။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်ဖို့ လိုလဲဆိုတော့ အာဆီယံက အစိုးရတွေ၊ ပါလီမန်တွေကနေ အလုပ်ခွင်မှာရှိတဲ့ အမျိုးသမီးတွေအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးတွေ၊ တန်းတူအခွင့်အရေးတွေအတွက် ပိုပြီးတော့မှ ဆောင်ရွက်ဖို့ကို သဘောတူညီမှုရခဲ့တယ်။ နောက်တစ်ခုက ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားတွေအတွက် ပိုပြီးတော့မှ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ၊ ပေါ်လစီ၊ မူဝါဒတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ကိုလည်း သဘောတူညီခဲ့တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကနေ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ရေးဆွဲရာမှာ အဆင့်ဆင့်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း အန်တီတို့ တင်ခဲ့တယ်။ အားလုံးကလည်း သဘောတူညီတယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး အစုအဖွဲ့ အနေနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့၊ ကျားမတန်းတူညီမျှရေး၊ ဥပဒေတွေ၊ မူဝါဒတွေ ရေးဆွဲပြီးတော့မှ အကောင်အထည်ဖော်မှု အပိုင်းကို စောင့်ကြည့်ပြီးတော့ တိုးတက်မှုတွေကို ဝေမျှဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်” ဟု ပြောကြားသည်။(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (Asean Inter-Parliamentary Assembly-AIPA)ကို စက် တင်ဘာ ၃၀ ရက်တွင် နေပြည်တော်ရှိ MICC-1 တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပြီး ညီလာခံဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က အဖွင့်မိန့်ခွန်း ပြောကြားသည်။