လင်မယား ရန်ဖြစ်နေသည်ကို ဝင်ရောက်ဖျန်ဖြေသည့် အမျိုးသမီး ဓားဖြင့် အထိုးခံရမှု ဒဂုံမြောက်မြို့နယ်တွင် ဖြစ်ပွား

လင်မယား ရန်ဖြစ်နေသည်ကို ဝင်ရောက်ဖျန်ဖြေသည့် အမျိုးသမီး ဓားဖြင့် အထိုးခံရမှု ဒဂုံမြောက်မြို့နယ်တွင် ဖြစ်ပွား
Published 29 September 2016
သီဟ

ဒဂုံမြောက်မြို့နယ်တွင် လင်မယား ရန်ဖြစ်နေသည်ကို ဝင်ရောက်ဖျန်ဖြေသည့် အမျိုးသမီးတစ်ဦး ဓားဖြင့် အထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။စက်တင်ဘာ ၂၈ ရက် နံနက် ၄ နာရီခန့် က ဒဂုံမြောက်မြို့နယ်၊ (၃၂) ရပ်ကွက်တွင် နေထိုင်သည့် မ..........(၃၂ နှစ်)၏ နေအိမ်တွင် လာရောက်နေထိုင်သော အဒေါ်ဖြစ်သူ ဒေါ်........(၅၉ နှစ်) နှင့် ၎င်း၏ခင်ပွန်း ဦးစိုးမိုးနိုင် (၄၉ နှစ်) တို့ လင်မယားမှာ ရန်ဖြစ်နေသည့်အတွက် မ......... (၃၂ နှစ်)က ဝင်ရောက် ဖျန်ဖြေခဲ့ကြောင်း သိရသည်။ထိုသို့ ဖျန်ဖြေစဉ် ဦးစိုးမိုးနိုင်က မ.......(၃၂ နှစ်) အား “နင်နဲ့ ဘာဆိုင်လဲ” ဟု ပြန်လည်ပြောဆိုရာမှ မ.......(၃၂ နှစ်)နှင့် ဦးစိုးမိုးနိုင်တို့မှာ စကားများခဲ့ကြကြောင်း၊ ယင်းသို့ စကားများစဉ် ဦးစိုးမိုးနိုင်က စားပွဲပေါ်တွင် တင်ထားသည့် အရိုးအသွား ရှစ်လက်မခန့်ရှိ စတီးဓားဖြင့် မ...... (၃၂ နှစ်) အား ထိုးခဲ့ကြောင်း သိရသည်။ဓားဖြင့် အထိုးခံရသည့်အတွက် မ.... ....(၃၂ နှစ်)မှာ ဝဲဘက်နံကြား ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် စိုးရိမ်ရလူနာအဖြစ် တက်ရောက်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အား ဒဂုံမြောက်မြို့မ ရဲစခန်းက (ပ)၁၅၆၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။