ကျောက်တန်းမြို့နယ် အောင်သပြေလမ်းဆုံအနီး ကွန်တိန်နာယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

ကျောက်တန်းမြို့နယ် အောင်သပြေလမ်းဆုံအနီး ကွန်တိန်နာယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ
Published 27 September 2016
ဝေလင်းအောင်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်း-သန်လျင်လမ်းမကြီး အောင်သပြေလမ်းဆုံအနီးတွင် စက်တင်ဘာ ၂၆ ရက် ည ၈ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တန်း မြို့မ ရဲစခန်းမှ သိရသည်။ယာဉ်တိုက်မှုဖြစ်ပွားသည့် ယာဉ်များမှာ ကွန်တိန်နာယာဉ် အမျိုးအစားနှင့် ရန်ကုန် - ကျောက်တန်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးတို့ ဖြစ်ကြောင်း သိရပြီး ကွန်တိန်နာယာဉ်မှာ သီလဝါဆိပ်ကမ်းမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် တာမွေမှ ကျောက်တန်းသို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။“ဒီနေရာ (အောင်သပြေလမ်းဆုံ) က အမြဲတမ်းဖြစ်တာ။ မီးပွိုင့်လည်းမရှိဘူး။ အရှိန်ထိန်းတုံးလည်း မရှိဘူး”  ဟု အဆိုပါဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည် နှစ်ဦး ပွဲချင်းပြီးသေဆုံးကာ ရှစ်ဦးမှာ ဒဏ်ရာများရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သန်လျင်ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။“ဖြစ်စဉ်ကိုတော့ စစ်ဆေးနေတယ်။ အပြည့်အစုံကို မပြောနိုင်သေးဘူး။ လူနှစ်ဦး သေတယ်” ဟု  ကျောက်တန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ် ဇွန်လအထိ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၄၃ မှု ဖြစ်ပွားပြီး သေဆုံးသူပျမ်းမျှ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူပျမ်းမျှ ၇၂ ဦးခန့်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။