လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းရန်နှင့် ယခင်အစိုးရလက်ထက် ရာထူးကြီးကြီး ရခဲ့သူများ မပါဝင်ရန် လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းရန်နှင့် ယခင်အစိုးရလက်ထက် ရာထူးကြီးကြီး ရခဲ့သူများ မပါဝင်ရန် လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး
Published 26 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းရန်နှင့် ဖွဲ့စည်းရာတွင် ယခင်အစိုးရ လက်ထက် ရာထူးကြီးကြီး ရခဲ့သူများ မပါဝင်ရန် မန်တုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက အကြံပြု ဆွေးနွေးခဲ့သည်။
ဒေါ်နန်းမိုးက နေပြည်တော်တွင် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် တင်သွင်းထားသည့် ‘ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာ ကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုကို အကာအကွယ် မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို’ အား ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းအကြံပြု ထောက်ခံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းရန်နှင့် အပြင်လက်တွေ့တွင် အပြည့်အ၀ လှုပ်ရှားနိုင်သူများကို ထည့်သွင်းခန့်ထားပေးရန်၊ လူ့အခွင့်အရေးကို အမှန်တကယ်လေးစားပြီး ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်သည့် ပုဂ္ဂိုလ်များဖြင့် ပြန်လည်ဖွဲ့စည်းပြီး ခိုင်မာသည့် ပေါ်လစီကောင်းများ ပြန်လည်ချမှတ်ရန်နှင့် ပေါ်လစီရေးဆွဲရာတွင် ကလေးသူငယ် အခွင့်အရေးများတွင် ခွင့်မလွှတ်နိုင်သည့် သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ သေဒဏ် ပေးနိုင်သည်အထိ ကလေးသူငယ်များကို အခိုင်အမာ ကာကွယ်ပေးသည့် ပေါ်လစီများ ထည့်သွင်းရေးဆွဲရန်တို့ကို ဒေါ်နန်းမိုးက အကြံပြုတင်ပြခဲ့သည်။
ထို့အတူ ပြည်သူ့လစာကိုစားပြီး ကုလားထိုင်ပေါ်တွင် မှိန်းမနေဘဲ မြေပြင်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာ နိုင်သူများကို ခန့်ထားရန်၊ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အားလုံးသည် အသက် ၆၀ ကျော်သူများ မပါဝင်ရန်နှင့် အဘယ်ကြောင့်ဆိုသော် အသက်ကြီးတိုင်း၊ ရာထူးကြီးတိုင်း ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူ၊ စာနာစိတ်ရှိသူ၊ တရားဥပဒေအတွက် အမှန်တရားဘက်က အမြဲနေမည်ဟု ပြောမရပါကြောင်းဟု ၎င်းကဆွေးနွေး အကြံပြုသည်။
“ယခင်အစိုးရ လက်ထက်က ရာထူးကြီးကြီးရခဲ့သူများ မပါဝင်ရန်နှင့် မိမိကိုယ်မိမိ အရာရာသိသည် တတ်သည်ဟု ယူဆနေသူ၊ မိမိကိုယ်မိမိ မာန်တတ်နေသူ၊ တိုးတက်မှုရှိအောင် ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ မာန်တက်နေသည့် မျက်နှာများ၊ မာန်တက်နေသည့် အပြောအဆိုများ ရှိနေသော သူများကို အသက်ကြီးသူ၊ ရာထူးကြီးသူ တော်တော်များများတွင် တွေ့ရှိရပါသည်” ဟု ဒေါ်နန်းမိုးက ဆွေးနွေးခဲ့သည်။
ထို့ပြင် ၎င်းက ပြောင်းလဲနေသည့်ခေတ်၊ ဆိုရှယ်မီဒီယာများ၏ အရေးပါမှု၊ လူငယ်သတင်းထောက်များ၏ စွမ်းရည်ကို လျှော့တွက်သည့်သူများ မပါဝင်စေရန်၊ မှားတာကို အဖွဲ့ဝင်တချို့က သိသော်လည်း အားနာသည့်စိတ်၊ မိမိရာထူးဂုဏ်ကို တပ်မက်သည့်စိတ်ကြောင့် ဝင်ရောက်ပြောဆိုမှု မရှိသူများ မပါဝင်စေရန်၊ မိမိကို ပေးထားသည့်ရာထူးနှင့် ဂုဏ်ကိုသာလိုချင်ပြီး လူ့အခွင့်အရေး ကော်မရှင်၏ အလုပ်အပေါ်တွင် တာဝန်ယူမှုမရှိသူများ မပါဝင်စေရန်အတွက် ရွေးချယ်ခန့်ထားရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။
“ကျွန်မတို့မြို့နယ်မှာဆိုရင် NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ အချို့တို့ရဲ့ အကြီးမားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားရပြီး ပညာသင်ကြားနေသော ကလေးငယ်များလည်း ပညာကောင်းစွာ မသင်ရဘဲ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို အလူးအလဲ ခံစားနေရပါတယ်။ သို့သော်လည်း ယခုအထိ ကျွန်မတို့ ဒေသခံ ပြည်သူများဆိုရင် တာဝန်ရှိသည့် အစိုးရများရဲ့ စကားဖြင့် နှစ်သိမ့်တာကလွဲပြီး ပညာသင် ကလေးသူငယ်များကို ကောင်းမွန်စွာ သင်ကြားနိုင်အောင် မလုပ်ပေး နိုင်သေးတာကို ဝမ်းနည်းစွာ မြင်တွေ့နေရပါတယ်” ဟု ဒေါ်နန်းမိုးက ဆွေးနွေးတင်ပြခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေး ချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးမည့် လူပုဂ္ဂိုလ်များဖြင့် ရွေးချယ်ထည့်သွင်း၍ ပြန်လည်ဖွဲ့စည်းရန် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာ (၂၀၁၅ ခုနှစ်) နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းဆွေးနွေးထားသည်။
 

Most Read

Most Recent