မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံး၌ စတင် တရားစွဲဆို

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံး၌ စတင် တရားစွဲဆို
Published 26 September 2016
ပြည့်ဖြိုးအောင်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် အပါအဝင် သုံးဦးကို စက်တင်ဘာ၂၆ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်နှင့် နှစ်ဦးအား အရှေ့ပိုင်းခရိုင်တရားရုံး၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် စတင် တရားစွဲဆိုခဲ့ပြီး ရုံးချိန်းအား အောက်တိုဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် သြဂုတ်၂၉ ရက် နံနက် ၃ နာရီခန့်တွင် တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးသတင်း ရရှိထားသော ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် နေထိုင်သည်ဟုဆိုသော တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန်လမ်းရှိ မင်းရဲကျော်စွာ အိမ်ရာရှိ တိုက်ခန်းတစ်ခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ယင်းသို့ရှာဖွေရာ နေအိမ်အတွင်း သရုပ်ဆောင် မိုးအောင်ရင်အား မတွေ့ရှိဘဲ ၎င်း၏သူငယ်ချင်းဖြစ်သူ ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့အား တွေ့ရှိခဲ့ရ၍ မိုးအောင်ရင်အား မေးမြန်းရာ ၎င်းမှာ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ရှိသည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။တာမွေမြို့ရှိ မိုးအောင်ရင် နေသည်ဟုဆိုသော နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ သရုပ်ဆောင် မိုးအောင်ရင် အိပ်သည်ဟုဆိုသော အခန်းအတွင်းရှိ ခုတင်မွေ့ယာပေါ်မှ ကော်ဘူးအတွင်း ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသော အရိုး၊အရွက်၊ အစေ့ပါ အရွက်ခြောက် ၃၄ ဒသမ ၃၃ ဂရမ်အား လည် ကောင်း၊ ကုတင်အောက်မှ အရိုး၊ အရွက်၊ အစေ့ပါ အရွက်ခြောက် ဂရမ် ၁၃၀၀  ထည့်ထားသည့် ပလတ်စတစ် အိတ်အား လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။ထို့ပြင် လူလူသန်းဦးအား စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနက်ရောင် ဂျင်းဘောင်းဘီအိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံး၊ ဘုန်းမြင့်အောင်၏ ဝဲဘက်လက်နှင့် ၎င်းဝတ်ဆင်ထားသည့် အနီရောင် ဘောင်းဘီအိတ်ကပ်အတွင်းမှ မူးယစ်ဆေးဝါး ထိုးသွင်းရာတွင် အသုံးပြုသည်ဟုယူဆရသည့် ဆေးထိုးပိုက် ၁၃ ပိုက်နှင့် ဘိန်းဖြူ မှုန့်များ ကပ်နေသော ပလတ်စတစ်လေးဘူး၊ ကော်ဘူးငါးဘူးနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှ မိုးအောင်ရင်၊ ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့အား တာမွေမြို့မ ရဲစခန်းက မယ(ပ) ၃၉/ ၂၀၁၆)၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀ ဖြင့် အမှုဖွင့်ခဲ့သည်။ထို့ပြင် ပုဇွန်တောင်မြို့နယ် (၂)ရပ်ကွက်၊ နေကြာ/သာယာကုန်းလမ်းရှိ တိုက်ခန်းအား ယင်းနေ့နံနက် ၃ နာရီ ခွဲခန့်တွင် သရုပ်ဆောင် မိုးအောင်ရင်အား ယင်းတိုက်ခန်းအတွင်း တွေ့ရှိခဲ့ရပြီး စစ်ဆေးရှာဖွေရာ အိတ်အတွင်းမှ ICE ဟု ယူဆရသည့် မူးယစ်ဆေးဝါး တစ်ဂရမ်အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား ပုဇွန်တောင်မြို့မရဲစခန်းက မယ (ပ) ၆/ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် အမှု ဖွင့်ခဲ့သည်။