အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ငါးဦးအား ရုံးထုတ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မသုံးခုဖြင့် စတင်တရားစွဲ

အိမ်အကူ မိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ငါးဦးအား ရုံးထုတ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မသုံးခုဖြင့် စတင်တရားစွဲ
Published 24 September 2016
သက်မင်း

အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ငါးဦးအား အနောက်ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၃ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် စတင်တရားစွဲဆိုလိုက်ကြောင်း သိရသည်။
 
အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းတို့ ငါးဦးကို အနောက်ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ရုံးထုတ် စစ်ဆေးခြင်းဖြစ်ပြီး ဒေါ်တင်သူဇာမှာ  ကျန်းမာရေး မကောင်းသောကြောင့် ရဲမေများက တွဲပေးနေရသည်ကို တွေ့ရသည်။
 
အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ တို့ဖြင့် စတင်တရားစွဲဆိုလိုက်ပြီဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တရားရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
 
ထို့ပြင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်တစ်ဦးဖြစ်သော မသီရိလတ်ကို ဖမ်းဆီးရမိမှု မရှိသေးသည့်အတွက် တရားခံပြေးအဖြစ် ကြေညာထားပြီး ၎င်းကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၂၉/ ၃၂၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
 
ယင်းအမှုကို အနောက်ပိုင်းခရိုင် တရားသူကြီးက စစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်သို့ ထပ်မံချိန်းဆိုကာ ယင်းနေ့ရုံးချိန်းတွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံနှင့် ပတ်သက်၍ ဦးစွာစစ်ဆေး ဆောင်ရွက်မည်ဟုလည်း သိရသည်။
 
ယခု တရားစွဲဆိုခံရသူများအနက်မှ ကိုရာဇာထွန်း ဆိုသူကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရားခံပြေးဖြစ်သည့် မသီရိလတ်ကိုလည်း ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
 
အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူမိန်းကလေးနှစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အလုပ် လုပ်စဉ်ကာလတစ်လျှောက်တွင် အင်းဝအပ်ချုပ်ဆိုင်ရှင် မိသားစုများက လက်ဆစ်များကို ရိုက်ချိုးခြင်း၊ လက်၊ လည်ပင်း၊ မျက်နှာတို့ကို ဓားဖြင့်မွှန်းခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ နှာခေါင်းကို လှီးဖြတ်ခြင်းများ ပြုလုပ်ကာ နှိပ်စက်ညှဉ်းပန်းသည်ဟု သိရပြီး ၂၀၁၄ ခုနှစ်ကတည်းက စ၍ လုပ်အားခ ခေါင်းပုံဖြတ်ကာ လစာပေးချေခြင်း မရှိကြောင်း သိရသည်။