မြိတ်ကျွန်းစုတွင် ခရီးသွားကဏ္ဍသစ်တစ်ခု အကောင်အထည်ဖော်မည့် ကျွန်းစုလုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင်များအား ဦးစားပေး လုပ်ကိုင်ခွင့်ပြုမည်

မြိတ်ကျွန်းစုတွင် ခရီးသွားကဏ္ဍသစ်တစ်ခု အကောင်အထည်ဖော်မည့် ကျွန်းစုလုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင်များအား ဦးစားပေး လုပ်ကိုင်ခွင့်ပြုမည်
Published 22 September 2016
ဆန်းထူးအောင်

မြိတ်ကျွန်းစုတွင် ခရီးသွားကဏ္ဍသစ် တစ်ခု အကောင်အထည်ဖော်မည့် ကျွန်းစုလုပ်ငန်းအား တိုင်းရင်းသား လုပ်ငန်းရှင်များကို ဦးစားပေး လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။“များများစားစားနဲ့ အကျိုးခံစားခွင့် ရအောင်ဆိုရင် သူဌေးတွေမှ လာပြီး အပန်းဖြေတဲ့ မြိတ်ကျွန်းစုကို ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် Target ထားထားပါတယ်။ နောက်လမှာဆိုရင် ဦးကိုယ်တိုင် ဆင်းကြည့်ပြီးတော့ ဘယ်လိုလုပ်ရမယ် ဆိုတာ တနင်္သာရီတိုင်း အစိုးရ အရင်ဆွေးနွေးဖို့ လိုပါတယ်။ ဒီနေရာမှာ တနင်္သာရီတိုင်း အစိုးရတင် မရဘူး။ သယံဇာတ ဝန်ကြီးဌာနလည်း ပါရမယ်။ သစ်တောဝန်ကြီးဌာန ပါမှရမယ်။ ကျွန်းပေါ်မှာရှိတဲ့ သစ်တောတွေ၊ ရေအောက်မှာရှိတဲ့ သယံဇာတတွေ၊ ကျွန်းပေါ်မှာရှိတဲ့ သယံဇာတတွေကို ကျွန်တော်တို့ အစိုးရက ရသင့်ရထိုက်တဲ့ ဝင်ငွေတွေကိုရအောင် ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး တိုင်းအစိုးရနဲ့ ချိတ်ဆက်ပြီး တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ လုပ်ငန်းရှင်တွေကို ဦးစားပေးပြီး ဖွံ့ဖြိုးရေးလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အခုဆို နှစ်ဖွဲ့၊ သုံးဖွဲ့ ကမ်းလှမ်းထားပါတယ်။ တိုင်းရင်းသား လုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။ ကျွန်းစုလုပ်ငန်း ဆိုတာက ခြောက်လပဲ လုပ်ရတာ ဖြစ်တဲ့အတွက် ခြောက်လက ရပ်ထားရတာ ရှိပါတယ်” ဟု ဦးအုန်းမောင်က ပြောကြားသည်။ခရီးသွားကဏ္ဍသစ်တစ်ခု အကောင်အထည်ဖော်မည့် မြိတ်ကျွန်းစုအား ဒီဇင်ဘာလအတွင်း သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။“နေရာဒေသအသစ်ကို ဖော်ထုတ်ဖို့က ကုန်းပေါ်မှာတင် မဟုတ်ဘဲ ရေပေါ်မှာပါ ဖော်ထုတ်ဖို့ စဉ်းစားပြီးတော့ လုပ်နေပြီ။ လာမယ့် ဒီဇင်ဘာလမှဆိုရင် သစ်တောဝန်ကြီးရော၊ သယံဇာတဝန်ကြီးရော၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ရော၊ အစိုးရအဖွဲ့တွေရော၊ ဟိုတယ်ခရီးက ဝန်ကြီးတွေ ဆင်းပြီးတော့ သေသေချာချာ စူးစမ်းလေ့လာပြီးတော့ ဒီလုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ပါ့မယ်။ ထိုင်းဘက်ကတောင် လာကမ်းလှမ်းနေပြီ။ ဒါပေမဲ့ ထိုင်းတွေ ကမ်းလှမ်းတာကို လက်ခံမလား တိုင်းရင်းသားတွေကို ဦးစားပေးမလား ဆိုရင် တိုင်းရင်းသားတွေကို ဦးစားပေးသွားပါမယ်။ အဲဒီတော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကိုလည်း ကြော်ငြာထားပါတယ်။ ဒီလုပ်ငန်းက အရင်းအနှီး ကြီးပါတယ်။ ကျွန်းပေါ်မှာက အခြေခံ အဆောက်အအုံတွေက ချက်ချင်း မလုပ်နိုင်ဘူး။ မြိတ်တို့၊ ကော့သောင်းတို့၊ ထားဝယ်တို့မှာ ပြန်အိပ်ရမှာ ဖြစ်တယ်။ လောလောဆယ် အဲဒီလိုမျိုးပဲ ရှိသေးတယ်။ နောက်ဆိုရင် တဲလေးတွေ ဘာလေးတွေနဲ့ အိပ်လို့ရမလား ဆိုတာ ရင်းနှီးမြှုပ်နှံတွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ရှိပါတယ်” ဟု ဦးအုန်းမောင်က ပြောကြားသည်။

Most Read

Most Recent