အစိုးရသစ်လက်ထက် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၅၁၇ သန်းကျော်ဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်မြှုပ်နှံထား

အစိုးရသစ်လက်ထက် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံက ဒေါ်လာ ၅၁၇ သန်းကျော်ဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်မြှုပ်နှံထား
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 September 2016
နီလာ

အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ရန် အဆိုပြုလာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအနက် လက်ရှိအချိန်အထိ MIC က ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် စင်ကာပူနိုင်ငံက စီမံကိန်း ရှစ်ခုတွင် ဒေါ်လာ ၅၁၇ သန်းကျော်အထိ ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိအချိန်အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅၅ ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။“အစိုးရသစ်လက်ထက် ၁၂/၂၀၁၆ ကနေ ခွင့်ပြုခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေထဲမှာ စင်ကာပူက ရှစ်ခုမှာ ဒေါ်လာ ၅၁၇ ဒသမ ၂၉၆ သန်း ရှိပါတယ်။ စင်ကာပူက အများဆုံး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၅၅ ဒသမ ၁၄ ရာခိုင်နှုန်း ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ဒုတိယ အများဆုံး အနေဖြင့် တရုတ်နိုင်ငံက လုပ်ငန်း ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၈၄ ဒသမ ၈၉၉ သန်းရှိပြီး ဝင်ပြီးသမျှ ရင်းနှီးမြှုပ်နှံမှု၏ ၁၉ ဒသမ ၇၁ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။တတိယ အများဆုံး အနေဖြင့် ထိုင်းနိုင်ငံက လုပ်ငန်းနှစ်ခုတွင် ဒေါ်လာ ၈၂ ဒသမ ၉၉၂ သန်း ဝင်ရောက်ထားကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈ ဒသမ ၈၅ ရာခိုင်နှုန်းရှိကြောင်း၊ စတုတ္ထမြောက် အများဆုံးမှာ ဟောင်ကောင်ဖြစ်ပြီး ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၃ ဒသမ ၃၂၁ သန်း မြှုပ်နှံထားပြီး ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၈၂ ရာခိုင်နှုန်းရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ်လ အထိတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၀၁ ဒသမ ၇၃၇ သန်း ဝင်ရောက်ခဲ့ပြီး လုပ်ငန်း ၂၃ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ကုန်ထုတ်လုပ်ငန်း ၁၃ ခုတွင် ဒေါ်လာ ၃၃၆ ဒသမ ၄၃၀ သန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း လေးခုတွင် ဒေါ်လာ ၁၁၂ ဒသမ ၁၉၇ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နှစ်ခုတွင် ဒေါ်လာ ၃၅ ဒသမ ၀၃၀ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ဒေါ်လာ ၁၀၅ သန်း၊ အခြားဝန်ဆောင်မှု ကဏ္ဍတွင် ဒေါ်လာ ၃၇ ဒသမ ၅၃၅ သန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၇၅ ဒသမ ၅၄၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော် ဝင်ရောက်ခဲ့သော်လည်း လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် သြဂုတ်လအထိတွင်မူ FDI ဒေါ်လာ သန်း ၇၀၀ ကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။     

Most Read

Most Recent