ဂျပန်နိုင်ငံသို့ တိုင်ဖွန်း မာလာကတ်စ် ဝင်ရောက်တိုက်ခတ်ရာ ရေကြီး၊ မြေပြိုမှုဖြစ်ပွား

ဂျပန်နိုင်ငံသို့ တိုင်ဖွန်း မာလာကတ်စ် ဝင်ရောက်တိုက်ခတ်ရာ ရေကြီး၊ မြေပြိုမှုဖြစ်ပွား
Published 20 September 2016
Ref: AFP

ဂျပန်နိုင်ငံတောင်ပိုင်းသို့ အင်အားပြင်း တိုင်ဖွန်းတစ်လုံး စက်တင်ဘာ ၂၀ ရက်က ဝင်ရောက် တိုက်ခတ်ခဲ့ရာ အဆိုပါဒေသတစ်ခုလုံး၌ မိုးများ သည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုများ ဖြစ်ပေါ်ကာ လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရသည်။ 
 
တစ်နာရီလေတိုက်နှုန်း ၁၈၀ ကီလိုမီတာ (၁၁၂ မိုင်) ရှိသော တိုင်ဖွန်းမာလာကတ်စ်ကြောင့် အဓိကကျွန်း ကျူရှူး၏ တောင်ပိုင်းစွန်းတွင် သန်းခေါင်ကျော်အချိန်က မြေပြိုမှုဖြစ်ခဲ့သည်ဟု ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ 
မီရာဇာကီစီရင်စုထဲတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၅၇၈ မီလီမီတာ စံချိန်တင်ရွာသွန်းခဲ့ကြောင်း သိရသည်။ NHK ရုပ်သံသတင်းများထဲတွင် မီရာဇာကီစီရင်စုထဲ၌  ရွှံ့ရေများဖြင့် ဖုံးလွှမ်းနေသော နေအိမ်၊ ကားများ၊ စပါးကွင်းများကို တွေ့ရသည်။ 
 
လေပြင်းများကြောင့် လေကြောင်းခရီးစဉ် ၁၀၆ ခုကျော်ကို ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။ လက်ရှိတွင် တိုင်ဖွန်းသည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားကာ တိုကျိုသို့ ဦးတည်နေပြီး လှိုင်းကြီးမှုများ၊ မြေပြိုမှုများ၊ ရေကြီးမှုများ ဖြစ်ပွားနိုင်သည်ဟု အစိုးရအရာရှိများက သတိပေးနေသည်။ ယခုအချိန်အထိ တိုင်ဖွန်းမာလာကတ်စ်ကြောင့် သေဆုံးသူ မရှိသေးဘဲ အမျိုးသမီးတစ်ဦး အနည်းငယ်ဒဏ်ရာရကာ ရေကြီးမှုကြောင့် နေအိမ်ထဲ၌ ပိတ်မိနေသည့် လူခြောက်ဦးကို ကယ်တင်ခဲ့ရကြောင်း သိရသည်။
 
တိုင်ဖွန်းများနှင့် ပုံမှန် ရင်ဆိုင်နေရသည့် ဂျပန်နိုင်ငံသို့ ယခုလ အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းလိုင်းရင်းရော့ကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ လိုင်းရင်းရော့ မတိုင်မီကလည်း တိုင်ဖွန်းနှစ်လုံးဆက်တိုက် ဂျပန်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ရသည်။