ဗြောက်အိုးဖောက်သဖြင့် ရန်ဖြစ်စကားများပြီး တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် ဓားထိုးမှု ဖြစ်ပွား

ဗြောက်အိုးဖောက်သဖြင့် ရန်ဖြစ်စကားများပြီး တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် ဓားထိုးမှု ဖြစ်ပွား
Published 18 September 2016
စည်သာ (တောင်ကြီး)

တောင်ကြီးမြို့ သစ်တောရပ်ကွက် ဆေးတက္ကသိုလ် ဆောက်လုပ်ရေး အတွင်းရှိ ဗိသုကာရနံ့ ဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ်လုပ်နေသော မြတ်သူရဦးမှ ကလေးငယ် တစ်ဦး ဗြောက်အိုးဖောက်သဖြင့် ရန်ဖြစ်စကားများပြီး ဓားထိုးမှုတစ်ခု စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ဗိသုကာရနံ့ ဆောက်လုပ်ရေး ကုမ္ပဏီတွင် ဆောက်လုပ်ရေး လုပ်သားပေါင်း ၅၀ ကျော် လုပ်ကိုင်ကြပြီး၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများ ဖြစ်သဖြင့် တစ်ဦးနှင့် တစ်ဦး မသိရှိကြကြောင်း၊ ပန်းရန်လုပ်သား အချင်းချင်း ရန်ဖြစ်စကားများရာကနေ ဓားထိုးမှုဖြစ်ကြောင်း တွေ့မြင်ခဲ့သူက ပြောကြားသည်။ဖြစ်စဉ်မှာ ကလေးငယ်တစ်ဦး ဗြောက်အိုးဖောက်လိုက်ရာမှ မြတ်သူရဦးက နားငြီးသည်ဟု အော်ဟစ်ဆဲဆိုကာ အလုပ်သမားများဖြစ်သည့် ဓားထိုးသူ မြတ်သူရဦးနှင့် ဒေါ်ညိုစန်းတို့မှ စကားများ ရန်ဖြစ်နေသဖြင့် ဆန်းထူးမှ မြတ်သူရဦးအား မိန်းကလေးနှင့် ရန်မဖြစ်ရန် ပြောဆိုသည်ကို မြတ်သူရဦးမှ အရိုး လေးလက်မခန့်၊ အသွား လေးလက်မခန့်ရှိ ဓားဦးချွန်နှစ်ချောင်း ဘယ်ညာကိုင်ဆောင်ပြီး၊ စုံထိုးလိုက်သဖြင့် ဆန်းထူး၏ ယာဘက် ချိုင်းအောက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့သဖြင့် အလုပ်သမားခေါင်းဆောင် ဦးနီအေးက တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။“ဈေးဆိုင်မှာ လူတွေ အကုန်လုံးထွက်ပြီး ထိုင်နေတာ။ ကလေးက ဗြောက်အိုးဖောက်တာကို ဆူညံတယ်ဆိုပြီးတော့ သတ္တိရှိရင် အကုန်လုံး ထွက်ခဲ့ဆိုပြီးတော့ စိန်ခေါ်တာ။ သူက မူးနေတော့ ဘယ်သူမှ ဘာမှ ဝင်မပြောဘူး။ ကျွန်မက အဖေ မရှိတဲ့အတွက် ယောကျ်ားသား မရှိလို့ အမေ့ကို စိန်ခေါ်တဲ့အတွက် အမေနဲ့ သမီးက ဝိုင်းပြောတာပေါ့။ မိန်းကလေးနှစ်ယောက်ကနေ စဖြစ်တာ။ သမီးနဲ့ သူနဲ့ တည်လာတာပေါ့။ အမေက နင်က ဘာဖြစ်တာလဲ ငါ့ယောကျ်ားလည်း ရှိတာ မဟုတ်ဘူး ဘာညာပြောရင်းနဲ့ အစ်ကိုကြီး တစ်ယောက်က မပြောတော့နဲ့ ဘာညာပြောရင်း ဒီနေရာမှာ လဲရင်းကနေ ဟိုလူက ဓားနှစ်လက်နဲ့ ဝင်ထိုးလိုက်တာ။ ဟိုအစ်ကိုကြီးက ပြန်လုပ်တယ်လို့တော့ ပြောပေမယ့် ညဘက်ကြီး ဆိုတော့ မမြင်ရဘူး။ တံခါးပေါက်နဲ့ ရိုက်မိတာလို့ ထင်တယ်” ဟု မျက်မြင်တွေ့ကြုံခဲ့သူ တစ်ဦးက ပြောပြသည်။“သူတို့ချင်း အစောပိုင်းက ရန်ဖြစ်ထားပြီးသားလို့ သိရတယ်။ နောက်တော့ ကလေးငယ် ဗြောက်အိုးဖောက်တာကို ပြောဆိုရင်းနဲ့ အရက်မူးနေတဲ့သူက ဓားနဲ့ ဝင်ထိုးလိုက်တာ။ နှစ်ယောက်လုံး ဆေးရုံ တင်ထားရတယ်” ဟု လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ဓားထိုးခံရသူ ဆန်းထူးကို တောင်ကြီး စဝ်စံထွန်း ဆေးရုံကြီး ခွဲစိတ်ဆောင် ဒုတိယထပ်တွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသလျက် ရှိပြီး၊ ဓားထိုးသူ မြတ်သူရဦးမှာလည်း ဆန်းထူး၏ သစ်သားတုတ်ဖြင့် ရိုက်နှက်ခံရသဖြင့် ဦးခေါင်းတွင် နာကျင်ဒဏ်ရာ ရရှိသဖြင့် ခွဲစိတ်ဆောင်တွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက် ရှိသည်။ အဆိုပါ ဓားထိုးမှုကို (ပ) ၄၅၈/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အမှုဖွင့်ထားကြောင်း တောင်ကြီးမြို့မ ရဲစခန်းမှ သိရသည်။