FMI ရှယ်ယာအနိမ့်ဆုံးဈေးသို့ ထိုးကျလာသည့်အပြင် သီလဝါရှယ်ယာ ကျပ် ၄၁၀၀၀ သို့ ကျဆင်းလာပြီး MCB ရှယ်ယာအဖွင့်ဈေး အောက်ရောက်ရှိကာ အရောင်းအဝယ် နည်းပါး

FMI ရှယ်ယာအနိမ့်ဆုံးဈေးသို့ ထိုးကျလာသည့်အပြင် သီလဝါရှယ်ယာ ကျပ် ၄၁၀၀၀ သို့ ကျဆင်းလာပြီး MCB ရှယ်ယာအဖွင့်ဈေး အောက်ရောက်ရှိကာ အရောင်းအဝယ် နည်းပါး
Published 16 September 2016

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ရှယ်ယာအနိမ့်ဆုံးကျဆင်းခဲ့သည့် ဈေးနှုန်းဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၁၉၀၀၀ အောက်သို့ပင် ဈေးနှုန်းကျဆင်းလာပြီး  စက်တင်ဘာ ၁၂ ရက်မှ စကာရှယ်ယာတစ်စု ကျပ် ၁၈၅၀၀ သာ ရှိနေသည့်အပြင်  မြန်မာနိုင်ငံသားများဘဏ် (MCB) ရှယ်ယာမှာလည်း အဖွင့်ဈေးဖြစ်သည့် ရှယ်ယာတစ်စု ကျပ် ၇၈၀၀ အောက်သို့ ရောက်ရှိလာကာ သီလဝါရှယ်ယာမှာလည်း ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြင့် ငြိမ်သက်နေရာမှာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၄၁၀၀၀ သို့ ရောက်ရှိလာပြီး ဈေးနှုန်းကျမှု ဆိုးဆိုးရွားရွား ဖြစ်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ်ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်ပေါ်မှုဆိုင်ရာ အချက်အလက်များအရ စက်တင်ဘာ ၁၅ ရက်တွင် သိရသည်။FMI ရှယ်ယာသည်  စက်တင်ဘာ ၉ ရက်တွင် FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၉၀၀၀ ၊ MCB ရှယ်ယာတစ်စု ကျပ် ၉၄၀၀၊ သီလဝါရှယ်ယာတစ်စု အဖွင့်ဈေး ကျပ် ၄၃၀၀၀ နှင့် အပိတ်ဈေးတွင် ကျပ် ၄၂၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၆၃၅၂ စုမှ ကျပ် သိန်း ၁၂၀၀ ကျော်ဖိုး အရောင်းအဝယ်ဖြစ်ပေါ်ကာ စက်တင်ဘာ ၁၂ ရက်တွင် FMI ရှယ်ယာ တစ်စုလျင် ကျပ် ၁၈၅၀၀ ၊ MCB ရှယ်ယာ တစ်စု ကျပ် ၉၃၀၀၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၃၄၀၅ စုမှ ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။စက်တင်ဘာ ၁၄ ရက်တွင် FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၈၅၀၀ ၊ MCB ရှယ်ယာတစ်စု ကျပ် ၉၃၀၀၊ သီလဝါရှယ်ယာ တစ်စု ကျပ် ၄၂၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း  ၆၁၉၉ စုမှ ကျပ် သိန်း ၁၃၀၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။စက်တင်ဘာ ၁၅ ရက်တွင် FMI ရှယ်ယာတစ်စု ကျပ် ၁၈၅၀၀၊  MCB ရှယ်ယာတစ်စု ကျပ် ၇၆၀၀ ၊ သီလဝါ ရှယ်ယာတစ်စု ကျပ် ၄၂၀၀၀ ဖြစ်ကာ အစုရှယ်ယာပေါင်း ၅၇၉၁ စုမှ ကျပ်သိန်း ၉၉၀ ကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။အစုရှယ်ယာတစ်စု၏ မူရင်းတန်ဖိုး ကျပ် ၅၀၀၀ ရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ပြင်ပရှယ်ယာဈေးနှုန်းသည် ကျပ် ၇၀၀၀ ခန့်တွင် ရှိနေပြီး ရန်ကုန်စတော့အိတ်ချိန်းတွင်မူ ရှယ်ယာတစ်စု၏ ကြမ်းခင်းဈေး ကျပ် ၆၈၀၀ အပြင် အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၇၈၀၀ နှင့် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၅၈၀၀ သတ်မှတ်ခဲ့သည်။ စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်း ပြန်မကျစေရန် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာဈေးနှုန်းကို အမြင့်ဆုံးဆွဲတင်၍ ပြန်ပြုတ်ကျခြင်း မဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် ရှယ်ယာဈေးနှုန်း မြင့်တက်မှုဖြစ်စေရန် ဈေးနှုန်းသတ်မှတ်ခြင်းကို အမြင့်ဆုံးနှုန်းနှင့် သတ်မှတ်ခဲ့ခြင်း မလုပ်ဆောင်ခဲ့ဘဲ အဖွင့်ဈေး ကျပ် ၆၈၀၀ တွင် အနိမ့်ဆုံး ကျပ် ၅၈၀၀ နှင့် အမြင့်ဆုံး ကျပ် ၇၈၀၀ သာ သတ်မှတ်ခဲ့သည်ဟု မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ ဥက္ကဋ္ဌနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ပြောကြားထားပြီး သြဂုတ် ၂၆ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၇၈၀၀ ဖြင့် စတင်ရောင်းချခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၇၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည့်အတွက် ပထမဆုံး အဖွင့်ဈေးအောက် ရောက်ရှိလာခြင်း ဖြစ်သည်။

Most Read

Most Recent