စက်တင်ဘာ ၁၃ ရက် ညပိုင်းက တပ်ကုန်း-ပင်လောင်းလမ်းဘေးတွင် ဗိုလ်မှူးဝေဖြိုးအောင် ဆိုသူအား ဓားဒဏ်ရာဖြင့် သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၎င်း၏ ဇနီးဖြစ်သူအား ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ ၃၁ ချက်ဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း တပ်ကုန်းမြို့မ ရဲစခန်းမှ သိရသည်။အဆိုပါ ဗိုလ်မှူး၏ ဇနီးအလောင်းအား ဗိုလ်မှူးဝေဖြိုးအောင် သေဆုံးခဲ့သည့် နေရာနှင့် သုံးမိုင်ခန့် အကွာတွင် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ဒေါက်တာခင်စန္ဒီကျော်ဘက်မှ မိသားစုဝင် တစ်ဦးက တပ်ကုန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။မူလက တပ်ကုန်း-ပင်လောင်းလမ်းတွင် ဗိုလ်မှူးဝေဖြိုးအောင်အား လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးမှုအပေါ် ၎င်း၏ မိခင်က အမှု ဖွင့်ထားခြင်းဖြစ်ပြီး ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့မှ ယင်းကဲ့သို့ စုံစမ်းရှာဖွေခဲ့ပြီးနောက် တပ်ကုန်း-ပင်လောင်းလမ်း မိုင်တိုင် အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ဗိုလ်မှူးဝေဖြိုးအောင်၏ ဇနီးဖြစ်သူ ဒေါက်တာ ခင်စန္ဒီကျော်အား ယာဘက်နားအောက် အနောက်၊ အရှေ့ဘက်တို့တွင် လက်မဝက် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ မေးစေ့အောက် ယာဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲလက်ခုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်း ရှေ့ဘက်တွင် ထိုးသွင်းဒဏ်ရာ ၁၁ ချက်၊ ရင်ဘတ်အရှေ့ပိုင်းတွင် ထိုးသွင်းဒဏ်ရာ ငါးချက်၊ နှာခေါင်းရိုး ဝဲဘက်ထိပ်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ နှာခေါင်းယာဘက် မျက်ခမ်းအောက်တွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲလက်ကောက်ဝတ်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝဲလက်ကောက်ဝတ် လက်ခုံဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲလက်ကောက်ဝတ် လက်ဖျံဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက် စုစုပေါင်း ဒဏ်ရာ ၃၁ ချက်ဖြင့် သေဆုံးနေသည်ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူ ဒေါက်တာခင်စန္ဒီကျော်၏ အစ်မဖြစ်သူက နေပြည်တော်၌ ရောက်ရှိပြီး တည်းခိုနေစဉ် သေဆုံးသူ ဝေဖြိုးအောင်၏ ညီမဖြစ်သူက ဗိုလ်မှူး ဝေဖြိုးအောင် သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားရာမှ သေဆုံးသူ၏ မိခင်နှင့်အတူ လိုက်လံရှာဖွေပြီး ဒေါ်ခင်စန္ဒီကျော်၏ အလောင်းအား ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။သေဆုံးသူ ဒေါက်တာ ခင်စန္ဒီကျော်၏ သမီးဖြစ်သူက ‘ဖခင်ဖြစ်သူမှ မိခင်ဖြစ်သူ ဒေါ်ခင်စန္ဒီကျော်အား ဓားဖြင့်ထိုး၍ ပွေ့ထမ်းပြီး ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှ သမီးနှင့်အတူ ကားအား ဆက်မောင်းခဲ့ပြီး ကားရပ်ကာ ဖေကြီးမှာ မိမိကိုယ်ကိုယ် ဓားဖြင့် ထိုးနေသည်ကို မြင်တွေ့ရကြောင်း’ ဟု ပြောပြ၍ ဒေါက်တာခင်စန္ဒီကျော်၏ အစ်မဖြစ်သူ ဒေါ်ခင်စုမွန်မွန်ကျော်က ဓားဖြင့် ထိုးခဲ့သူဟု ယူဆရသူ ဗိုလ်မှူးဝေဖြိုးအောင် (အမှတ် (၃) အထူးဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ ပင်လောင်းမြို့နယ်) အား ဥပဒေအရ အရေးယူပေးရန် စက်တင်ဘာ ၁၄ ရက် ည ၁၀ နာရီတွင် တပ်ကုန်းမြို့မ ရဲစခန်း၌ တရားလိုပြုလုပ် တိုင်ကြားခဲ့ကြောင်း သိရသည်။နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က “အမျိုးသမီး အလောင်းတော့ တွေ့ပြီ။ ဆေးစစ်ချက်ကတော့ လုပ်တုန်းပဲ ရှိသေးတယ်။ ဆေးစစ်ချက်ကတော့ မသိသေးဘူး။ ဒဏ်ရာ ဒဏ်ချက်တွေ အနေအထားကို ကျွမ်းကျင်တဲ့ ပါရဂူတွေက အဖြေထုတ်ရမှပဲ ကျွန်တော်တို့က သိမှာပါ။ လက်ရှိတော့ စီအိုင်ဒီကို စုံစမ်းဖို့ အထူးတာဝန် ပေးထားပါတယ်။ ဓားထိုးမှုတွေကတော့ မှန်တယ်။ ဓားဒဏ်ရာတွေနဲ့ သေဆုံးတာပါ” ဟု ပြောကြားသည်။စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခွဲခန့်က ဗိုလ်မှူးဝေဖြိုးအောင်မှာ ၎င်း၏ ညီဖြစ်သူ ဦးအောင်ဖြိုးနှင့် ဖုန်းဆက် စကားပြောနေစဉ် ‘ငါ့ကိုဓားနဲ့ထိုးတယ်’ ဟု အလန့်တကြားအော်ဟစ်ပြီး ဖုန်းအဆက်အသွယ် မရရှိတော့ခြင်း ဖြစ်သည်။ထိုသို့ အဆက်အသွယ် မရတော့သဖြင့် ဦးအောင်ဖြိုးက ၎င်း၏ မိခင်ဖြစ်သူ ဒေါ်မမကြီးထံ ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ပြီး ဒေါ်မမကြီးက သားဖြစ်သူ ဗိုလ်မှူးဝေဖြိုးအောင်အား လိုက်လံရှာဖွေရာ တပ်ကုန်း- ပင်လောင်းလမ်းပေါ်တွင် သားဖြစ်သူ၏ ကား (Civic Hybrid ခဲရောင်) အား တွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကားပေါ်တွင် သားဖြစ်သူအား လည်ပင်းထိုးသွင်း ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည့်အပြင် သေဆုံးသူ၏ ငါးနှစ်အရွယ် သမီးမှာ အိပ်ပျော်လျက် တွေ့ရှိခဲ့ကြောင်း သိရသည်။သားဖြစ်သူအား ဓားဖြင့် ထိုးခဲ့သည်ဟု ယူဆရသည့် ချွေးမဖြစ်သူ ဒေါက်တာ ခင်စန္ဒီကျော်အား ဥပဒေအရ အရေးယူပေးရန် စက်တင်ဘာ ၁၄ ရက်တွင် ဒေါ်မမကြီးက တရားလို ပြုလုပ်ပြီး တပ်ကုန်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် တိုင်ကြားထားသကဲ့သို့ ဒေါက်တာ ခင်စန္ဒီကျော်၏ အစ်မ ဖြစ်သူကလည်း ဗိုလ်မှူးဝေဖြိုးအောင်အား သူမ၏ ညီမကို သတ်သည်ဟု ဆိုကာ အပြန်အလှန် ဖွင့်ထားကြောင်းလည်း သိရသည်။အလောင်းများကို တွေ့ရှိခဲ့သည့် တပ်ကုန်း-ပင်လောင်း လမ်းပိုင်းမှာ လူသွားလူလာ နည်းပါးသည့် လမ်းပိုင်းဖြစ်သည်။
နေပြည်တော် တပ်ကုန်း-ပင်လောင်းလမ်းတွင် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့သည့် ဗိုလ်မှူး၏ ဇနီးအလောင်းအား ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ ၃၁ ချက်ဖြင့် ထပ်မံတွေ့ရှိ
သေဆုံးသူ ဗိုလ်မှူးဝေဖြိုးအောင်ကို တွေ့ရှိခဲ့ရသည့်ကားအား တပ်ကုန်း-ပင်လောင်း လမ်းပေါ်တွင် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ်