ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်အား မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့က ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာန ထံမှ လွှဲပြောင်း ရယူပြီးနောက် ၃၃ လတာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား ၃၂၅၇၅၈ ဦး လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေး အနေဖြင့် ကျပ် ၁၉၅၄၅၄၈၀၀၀ ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး၏ စာရင်းများအရ သိရသည်။ရှေးဟောင်းယဉ်ကျေးမှု ဦးစီးဌာနမှ စတင်လွှဲပြောင်းရယူခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်အထိ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသား ခရီးသွား ၃၄၈၅၁ ဦး လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေးအဖြစ် ကျပ် ၂၀၉၁၀၆၀၀၀ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံခြားသား ခရီးသွား ၁၄၉၆၂၅ ဦး လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေးအဖြစ် ကျပ် ၈၉၇၇၅၀၀၀၀ ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံခြားသား ခရီးသွား ၁၀၆၉၆၃ ဦး လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေးအဖြစ် ကျပ် ၆၄၁၇၇၈၀၀၀ ရရှိခဲ့ကြောင်းနှင့် ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ နိုင်ငံခြားသား ခရီးသွား ၃၄၃၁၉ ဦး လာရောက်ခဲ့ကြပြီး ဇုန်ဝင်ကြေးအဖြစ် ကျပ် ၂၀၅၉၁၄၀၀၀ ရရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးထံမှ သိရသည်။“ကျွန်တော်တို့ ဌာနကနေ စတင်လွှဲပြောင်း ယူခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က စပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို နိုင်ငံခြားသား ခရီးသွား စုစုပေါင်း ၃၂၅၇၅၈ ဦး လာရောက်ခဲ့ကြပြီးတော့ ဇုန်ဝင်ကြေး အနေနဲ့ တစ်ဦးကို ကျပ် ၆၀၀၀ နှုန်းနဲ့ စုစုပေါင်း ကျပ် ၁၉၅၄၅၄၈၀၀၀ ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ဇုန်ဝင်ကြေးတွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းထဲကို ထည့်ပေးရပါတယ်” ဟု ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဒုတိယ ညွှန်ကြားရေးမှူး ဦးစောရွှေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။၎င်းက ဆက်လက်ပြီး “၂၀၁၄ ခုနှစ် မေက စပြီးတော့ ကျိုက်ထီးရိုး တောင်ပေါ်မှာရှိတဲ့ Check Point မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေ အတွက် နေ့စားခရယ်၊ ရုံးအသုံးအဆောင် ပစ္စည်းတွေ ဖြည့်တင်းဖို့နဲ့နိုင်ငံခြားသား ခရီးသွားတွေအတွက် ရေအိမ်သုံး ပစ္စည်းတွေ၊ လည်ဆွဲကတ်တွေအတွက် ကုန်ကျစရိတ်ကို ကောက်ခံရရှိတဲ့ ဇုန်ဝင်ကြေးကနေပြီး နှစ်ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုခွင့် ရပါတယ်။ ၂၀၁၄ ခုနှစ် မေကနေ ၂၀၁၆ ခုနှစ် သြဂုတ်အထိ Check Point ရဲ့ အသုံးစရိတ် အနေနဲ့ ကျပ် ၂၈၄၇၅၁၆၀ ရရှိထားပြီးတော့ ၂၆၂၇၁၇၂၇ ကျပ် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့က ဇုန်ဝင်ကြေးရရှိတဲ့ ငွေကြေးကနေပြီးတော့ နှစ်ရာခိုင်နှုန်းကို Check Point အသုံးစရိတ် အနေနဲ့ ဖယ်ပြီးရင် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ထံကို ပေးသွင်းရပါတယ်။ ပြီးမှ ဇုန်ဝင်ကြေးတွေကိုတော့ မွန်ပြည်နယ် အစိုးရအဖွဲ့ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထဲ ထည့်ပေးရပါတယ်။ အဲဒီလို လုပ်ဆောင်ရတဲ့အတွက် ငွေကြေးကွာဟမှု ရှိတယ်လို့ ဆိုနိုင်ပေမယ့် အဲဒီ ကွာဟမှုဟာ Check Point အသုံးစရိတ်ဖြစ်တဲ့ နှစ်ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်ပေါင်း နှစ်သန်းခန့် လာရောက်လေ့ရှိကြောင်း ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ လွှဲပြောင်းရယူပြီးနောက် ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ၃၃ လတာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား သုံးသိန်းကျော် လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေး အနေဖြင့် ကျပ်သိန်း နှစ်သောင်းနီးပါး ရရှိခဲ့










