့ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၃၅ ကျပ်အထိ မြင့်တက်လာခဲ့ပြီး ဗဟိုဘဏ်ရည်ညွှန်းနှုန်းထားပါ လိုက်ပါမြင့်တက်

့ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၃၅ ကျပ်အထိ မြင့်တက်လာခဲ့ပြီး ဗဟိုဘဏ်ရည်ညွှန်းနှုန်းထားပါ လိုက်ပါမြင့်တက်
Published 15 September 2016
စည်သူအောင်

စက်တင်ဘာ ၁၅ ရက်၌ ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၃၆ ကျပ်အထိ ဆက်လက် မြင့်တက်လာခဲ့ပြီး ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းလည်း လိုက်ပါမြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၁၄ ရက်က တစ်ဒေါ်လာ ၁၂၃၂ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၁၅ ရက် ဈေးကွက်အဖွင့်တွင် ၁၂၃၃ ကျပ်ဖြင့် စတင်ခဲ့ပြီးနောက် ၁၂၃၆ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။စက်တင်ဘာ ၄ ရက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၁၅ ကျပ်သာရှိခဲ့ခြင်းကြောင့် လက်ရှိဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၁ ရက်အတွင်း တန်ဖိုး ၂၁ ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ငါးရက်တာကာလအတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာ ၁၂၂၇ ကျပ်၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၂၂၇ ကျပ်၊ စက်တင်ဘာ ၁၃ ရက်တွင် ၁၂၂၈ ကျပ်၊ စက်တင်ဘာ ၁၄ ရက်တွင် ၁၃၃၂ ကျပ်နှင့် စက်တင်ဘာ ၁၅ ရက်တွင် ၁၂၃၆ ကျပ်တို့ဖြစ်ပြီး ငါးရက်အတွင်း  တစ်ဒေါ်လာ ကိုးကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက် မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သော ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းထားကိုလည်း ဆက်တိုက်တိုးမြှင့် သတ်မှတ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က သတ်မှတ်နှုန်းထား တစ်ဒေါ်လာ ၁၂၁၇ ကျပ်အဖြစ် ထားရှိရာမှ စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၂၀ အဖြစ် သုံးကျပ်တိုးမြှင့် သတ်မှတ်ခဲ့သည်။နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၈၇၀၀၀၀ ခန့်အထိ ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၁၄ ရက်က ကျပ် ၈၆၇၆၀၀ ဖြင့် ဈေးပိတ်ခဲ့သော ရွှေဈေးနှုန်းသည် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၈၆၈၆၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၈၆၉၄၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။           

Most Read

Most Recent