မြင့်တက်နေသော ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားရှိရန် ခန့်မှန်းထား

မြင့်တက်နေသော ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားရှိရန် ခန့်မှန်းထား
Published 14 September 2016
မင်းသီဟဇော်

ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းကြားရှိရန် ခန့်မှန်းထားကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းတွက်ချက်ထားသည့် လူမှုစီးပွား ညွှန်းကိန်းများအရ ပျမ်းမျှငွေကြေး ဖောင်းပွမှုှုနှုန်း (၂၀၀၆ ခု နှစ် အခြေခံနှစ်) သည် နှစ်ရာခိုင်နှုန်းနှင့် လေးရာခိုင်နှုန်းကြား ရှိမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။
ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။
ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန်အတွက် ကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှု လိုငွေပြမှု လျှော့ချရေးအတွက် ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုစံနှုန်း မြင့်မားရေးနှင့် မရှိမဖြစ်သွင်းကုန်များ (Essential Items) မှလွဲ၍ ကျန်သော ဇိမ်ခံကုန်စည်နှင့် သွင်းကုန်များအား စိစစ်ရေးကိစ္စရပ်ကို ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်) တွင် ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေး အတွက် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ် အရ ၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင် နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်  ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် အစားအစာဈေးနှုန်းများ တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင်မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည် ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ အဆိုပြု တင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။     

Most Read

Most Recent