ရည်မှန်းချက် တူညီသဖြင့် ညှိနှိုင်းနေစဉ် ကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အထင်အမြင်လွဲမှားခြင်းနှင့် သံသယမဖြစ်ရန် လိုကြောင်း (JMC-U) တာဝန်ရှိသူများ ပြောကြား

ရည်မှန်းချက် တူညီသဖြင့် ညှိနှိုင်းနေစဉ် ကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အထင်အမြင်လွဲမှားခြင်းနှင့် သံသယမဖြစ်ရန် လိုကြောင်း (JMC-U) တာဝန်ရှိသူများ ပြောကြား
Published 14 September 2016
ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ရည်မှန်းချက် တူညီသဖြင့် ညှိနှိုင်းနေစဉ် ကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားခြင်းနှင့် သံသယမဖြစ်ရန် လိုကြောင်း ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် JMC-U ဒုတိယဥက္ကဋ္ဌ (၁) KNU မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးတို့က ပြောကြားသည်။စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သတ္တမအကြိမ် အစည်းအဝေး အဖွင့်အမှာစကားပြောရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “လက်ရှိ အနေအထားမှာ လိုလားချက် တော်တော်များများလည်း ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုလားချက်တွေ ရှိနေတယ်။ ဒီဘက်က ဆောင်ရွက်ပေးနိုင်တဲ့ အပိုင်းတွေရှိတယ်။ အဲဒီမှာ ကျွန်တော်တို့က မတူညီတဲ့အချက်တွေ ရှိပါတယ်။ အဲဒီ မတူညီတဲ့အချက်တွေကို ကျွန်တော်တို့က စိတ်ရှည်လက်ရှည်နဲ့ ညှိနှိုင်းသွားဖို့ လိုပါတယ်။ သို့သော်လည်း စိတ်ရှည်လက်ရှည် ညှိနှိုင်းလည်း အဆင်မပြေတာတွေ တွေ့ကောင်းတွေ့နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ တာဝန်ကတော့ JMC ရဲ့ တာဝန်ကတော့ ဒီလိုညှိနှိုင်းနေတဲ့ကာလမှာ အချိန်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိအောင်လို့ ကျွန်တော်တို့ သေချာလေး ဂရုစိုက်ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ NCA မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်ကရော ကျွန်တော်တို့ ဒီဘက်က အစိုးရအဖွဲ့ရော တပ်မတော်ဘက်ကရော သဘောတူလျက် ရှိတယ်ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတဲ့ ဒီရည်မှန်းချက်ကတော့ အားလုံးအတူတူပဲ ဖြစ်ပါတယ်။ဒီမှာလည်း  အဓိကအားဖြင့်တော့ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ်က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် ကတိပျက်ကွက်ခဲ့ကြတဲ့အတွက် ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်တယ်ဆိုပြီးတော့ လူတော်တော်များများက ယူဆတယ်။လက်ရှိ အနေအထားမှာ NCA မှာကိုပဲ လက်မှတ်ထိုးခဲ့ပြီးတဲ့ အနေအထားအရ ဒါကို အားလုံးအနေနဲ့ သဘောတူတယ်။ သို့သော် ဒီနေရာမှာ ကျွန်တော်တို့ လိုချင်တဲ့ လမ်းစဉ်ကြောင့် လမ်းကြောင်းက ရွေးချယ်တဲ့နေရာမှာတော့ တူညီမှုတွေ မရှိသေးဘူး။ဒီလိုညှိနှိုင်းနေတဲ့ ကာလမှာ ဒီကာလမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်မမှားဖို့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် သံသယမဖြစ်ဖို့ လိုတယ်” ဟုပြောကြားသည်။ဆက်လက်၍  NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း အချင်းချင်းကြားတွင် လည်းကောင်း၊ အခြားတိုင်းရင်းသား အဖွဲ့အစည်းများနှင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်မှုများ ပြန်မဖြစ်စေရန် သေချာထိန်းသိမ်းဖို့ လိုအပ်ကြောင်း၊ တပ်သားသစ် စုဆောင်းသည့် ကိစ္စရပ်များမှာလည်း ပြည်သူအား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အတွက် ထိန်းသိမ်းရန်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။JMC-U ဒုတိယဥက္ကဋ္ဌ (၁) KNU မှ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက “ကျွန်တော်တို့ရဲ့ ဒီ NCA နဲ့ ပတ်သက်ပြီး သဘောပေါက်နားလည်သူတွေဟာ တပ်ဖွဲ့တွေမှာ အားနည်းမှု ရှိသလို အောက်ခြေလူထုမှာလည်း သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ NCAနဲ့ ပတ်သက်ပြီးတော့ NCA ထိုးပြီးတဲ့နောက်ပိုင်းမှာ ဘာတွေတိုးတက်မှု ရှိလာသလဲလို့ မေးခွန်းတွေဟာ အများကြီး ပေါ်ပေါက်လာပါတယ်။ ဒီ NCA နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နှစ်ဖက်အောက်ခြေ သိရှိနားလည်ပြီးတော့ အဖြေကို လူထုတွေကြားထဲမှာလည်း သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့ သူတို့ရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကို သူတို့ ကိုယ်တိုင် ခံစားနိုင်ဖို့ သူတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ဖို့ သွားရမယ်ထင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဒီ NCA ကို အကောင်အထည်ဖော်နိုင်သလိုပဲ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားထဲမှာလည်း အပြန်အလှန် နားလည်မှုလွဲမှားတာတွေ ညှိလို့မရတဲ့အပေါ်မှာ ကျွန်တော်တို့ အောက်ခြေကနေပြီးတော့ ပြန်ရှင်းရတာ အများကြီးရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အောက်ခြေကို ချပြသလို ပြည်သူလူထုတွေရဲ့ ပါဝင်မှုက အဓိကဖြစ်လာမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ အချင်းချင်းကြားထဲမှာလည်း ယုံကြည်မှု တည်ဆောက်ဖို့က အဓိကကျပါတယ်။ ကျွန်တော်တို့ JMC-U ကတော့ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့်အထိ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုရှိကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အောက်ခြေအဆင့်အထိ ဆက်သွားဖို့ လိုပါတယ်။ယုံကြည်မှု တည်ဆောက်နိုင်မှပဲ ကျွန်တော်တို့ရဲ့ JMC လုပ်ငန်းအကောင်အထည်ဖော်မှုမှာ တကယ်အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းသွားလာနိုင်မယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်” ဟုပြောကြားသည်။ထို့ပြင် မိမိတို့ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အနာဂတ်ငြိမ်းချမ်းသည့် ပြည်ထောင်စုကြီးကို ထူထောင်နိုင်ရန်အတွက် မိမိတို့ တစ်ဦးချင်းတစ်ဖွဲ့ချင်း၏ ဆန္ဒများကိုသာ အဓိကမထားဘဲ တိုင်းပြည်နှင့် ပြည်သူလူထုများ လိုအပ်နေသည်များကို စဉ်းစားပေးကာ လာမည့်ညီလာခံတို့တွင် အတူတကွပါဝင်ပြီး လုပ်ဆောင်ဆွေးနွေးရန် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက တိုက်တွန်းပြောကြားသည်။JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီး က “ကျွန်တော်တို့ ဒီ NCA ဟာ အပစ်အခတ်ရပ်စဲရေးကိုသာ စောင့်ကြည့်တာ မဟုတ်ဘဲ နဲ့ အရပ်သားတွေကိုပါ စောင့်ရှောက်ရမယ့် လုပ်ငန်းစဉ်ပါ ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်မရခဲ့တဲ့ အရပ်သားတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်တော်တို့ ကြိုးစားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။ဆွေးနွေးပွဲကို သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးမှုများတွင် JMC-U ၏ ဆဋ္ဌမအကြိမ်နှင့် ယခုအစည်းအဝေး ကြားကာလအတွင်း တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများအား ဆွေးနွေးခြင်း၊ JMC-S (ပဲခူး။ကရင်-၂) နှင့်  JMC-S (ချင်း) ဖွဲ့စည်းရေး ဆွေးနွေးခြင်း၊ JMC-U နှင့် UN တို့အကြား တွေ့ဆုံဆွေးနွေးခြင်းနှင့် နယ်မြေသတ်မှတ်မှု ကိစ္စရပ်၊ မိုင်းရှင်းလင်းရေးကိစ္စရပ်နှင့် ဆက်ဆံရုံးများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သည် ပစ်ခတ်တိုက်ခိုက်မှုများကို တည်ငြိမ်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို အထောက်အကူဖြစ်စေရန်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်စေရန်နှင့် ပဋိပက္ခဒေသများတွင် ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်နေရာ ပြည်ထောင်စုအဆင့်  JMC ကို တပ်မတော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦးဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ထို့နောက် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S  (Shan) ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က ခိုလမ်မြို့တွင် အစည်းအဝေး ကျင်းပကာ ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S  (Tanintharyi) ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က မြိတ်မြို့တွင် ဖွဲ့စည်းထားသည်။                        

Most Read

Most Recent