စိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ ကျော် ရရှိထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံ ရရှိအောင် ဆောင်ရွက်မည်ဟုဆို

စိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၉၀၀ ကျော် ရရှိထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံ ရရှိအောင် ဆောင်ရွက်မည်ဟုဆို
Published 13 September 2016
ကျော်မျိုး

အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှု ဒေါ်လာသန်း ၉၀၀ ကျော် ရရှိထားကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။“အစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ အစည်းအဝေးအထိ ဒေါ်လာသန်း ၉၀၀ နီးနီး ရှိခဲ့ပါတယ်။ ဒီလ အစည်းအဝေးထိုင်ပြီးရင်တော့ သန်း ၁၀၀၀ အထက်ကို ရောက်သွားပါလိမ့်မယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။ဆက်လက်ပြီး “ဒီနှစ်ကုန်ရင်၊ တစ်နှစ်ကုန်လို့ရှိရင် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံရအောင် လုပ်မယ်။ အရင်ကထက် တိုးတက်မှုကိုတော့ နှိုင်းယှဉ်ပြောလို့ မရသေးဘူးပေါ့။ ရင်းနှီးမြှုပ်နှံမှုကို သုံးလတစ်ကြိမ် သုံးသပ်တယ်။ တကယ့် reality ကတော့ နှစ်ကုန်မှပဲ သုံးသပ်ချက် ထွက်မယ်” ဟု ဦးအောင်နိုင်ဦး က ပြောကြားသည်။အလုပ်အကိုင်ရှာဖွေပေးနိုင်မှုတွင်လည်း နောက်ဆုံး တွက်ချက်ထားမှုအရ သုံးလတာ ကာလအတွင်း၌ အလုပ်အကိုင် ကိုးသောင်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။အဓိကရင်းနှီးမြှုပ်နှံမှုများမှာ  ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် အိမ်ရာ အဆောက်အအုံကဏ္ဍတို့ ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လက်ရှိတွင် လုပ်သားအင်အား အများအပြားသုံးရသည့် လုပ်ငန်းများတွင်  နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန်၊ အခြေခံအဆောက်အအုံအား ကောင်းလာစေရန်နှင့် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ယင်းကဏ္ဍများတွင် ဝင်ရောက်မည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“ဒါလေးတွေက MIC အနေနဲ့ လတ်တလောကာလမှာ ဦးစားပေး ဆောင်ရွက်နေတယ်။ သို့သော်လည်း ဥပဒေသစ်ပြဋ္ဌာန်းပြီးတဲ့အခါ  ဒီထက် ပိုအသေးစိတ်တဲ့ ကဏ္ဍတွေကို နိုင်ငံတော်အစိုးရက ဘယ်ကဏ္ဍတွေမှာ ဖွံ့ဖြိုးစေချင်သလဲဆိုတဲ့အပေါ် မူတည်ဆုံးဖြတ် သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။         

Most Read

Most Recent