၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သုံးငွေတွင် ကျပ် ၁၈၃၀ ဘီလျံ ပိုမိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်းလိုငွေ ကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဓိကအကျဆုံးဖြစ်နေဟု အစီရင်ခံစာတွင် ဖော်ပြ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သုံးငွေတွင် ကျပ် ၁၈၃၀ ဘီလျံ ပိုမိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်းလိုငွေ ကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဓိကအကျဆုံးဖြစ်နေဟု အစီရင်ခံစာတွင် ဖော်ပြ
Published 13 September 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ရငွေပိုင်းတွင် လျော့နည်းခဲ့သော်လည်း သုံးငွေတွင် ကျပ် ၁၈၃၀ ဒသမ ၉၈၅ ဘီလျံ ပိုမိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်းလိုငွေ ကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဓိကအကျဆုံး ဖြစ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စက်တင်ဘာ ၁၂ ရက်က အစီရင်ခံစာ တင်သွင်းခဲ့သည်။ထိုသို့ ရငွေလျော့နည်းခဲ့သော်လည်း သုံးငွေ ပိုမိုသုံးစွဲခဲ့မှုကြောင့် စုစုပေါင်းလိုငွေတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ကျပ် ၂၃၇၃ ဒသမ ၂၃၁ ဘီလျံ ပိုမိုလာခဲ့ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၃၃ အထိ တိုးတက်ဖြစ်ပေါ်လာကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေသုံးငွေမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပိုငွေကျပ် ၆၇၀ ဒသမ ၄၃၉ ဘီလျံ ဖြစ်ပေါ်ခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ် ၄၈၇ ဒသမ ၃၄၁ ဖြစ်ပေါ် ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဝင်ငွေ လျော့နည်းခဲ့သော်လည်း သုံးငွေတွင် ကျပ် ၁၈၃၀ ဒသမ ၉၈၅ ဘီလျံ ပိုမိုခဲ့သည့်အတွက် စုစုပေါင်းလိုငွေကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းတို့က အဓိကအကျဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ၊ ရငွေသုံးငွေများ၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းအပေါ် အကျိုးသက်ရောက်မှုများနှင့် လက်ရှိ ဆောင်ရွက်နေသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေမှန်များကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတွင် သဘောထားမှတ်ချက်၌ ထည့်သွင်း တင်သွင်းခဲ့သည်။ထို့အတူ နိုင်ငံတော်က ထုတ်ပြန်ထားသည့် စီးပွားရေးမူဝါဒ ဒုတိယအချက်တွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ချေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့ကို ဖော်ပြထားကြောင်း၊ နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီတွင် ဆွေးနွေးခြင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေးခြင်းများ လိုအပ်မည်ဖြစ်ကြောင်းလည်း ကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ (SEEs) ၏ လွန်ခဲ့သော သုံးနှစ်တာကာလ၏ Financial Statement များကို ဆန်းစစ်လေ့လာ သုံးသပ်ပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲသင့်သည့်အခါ ဥပဒေနှင့်ညီညွတ်ရေး၊ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိမည့် ပုဂ္ဂိုလ်များလက်သို့ ရောက်ရှိစေရန် နှင့် အဆိုပါလုပ်ငန်းများ၏ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ၎င်းတို့ ပိုင်ဆိုင်သည့် ပုံသေပိုင်ပစ္စည်းများ (Fixed Asset) အတွက် တန်ဖိုးသတ်မှတ်ခြင်း၊ နိုင်ငံတော်က ရရှိမည့် အခွန်အကောက်နှင့်  အမြတ်ဝေစု စသည်တို့ကို စဉ်းစားဆောင်ရွက်ရန် ကော်မတီနှစ်ရပ်မှ သေချာစွာစိစစ်၍ သုံးသပ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ လမ်းညွှန်မှု ခံယူဆောင်ရွက်ရန် လိုအပ်ကြောင်း သဘောထားမှတ်ချက် ပြုခဲ့သည်။ထို့ပြင် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ရာတွင် တည်ဆဲဘဏ္ဍာရေး စဉ်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် အခြေခံဘဏ္ဍာရေး ကျင့်စဉ်ကြီးများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ခြိုးခြံချွေတာစွာ သုံးစွဲရေး၊ ပြည်ပထောက်ပံ့ငွေ၊ အကူအညီရငွေ၊ ချေးငွေများနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း အမှန်တကယ် ရရှိသုံးစွဲနိုင်သည်များကိုသာ ဘတ်ဂျက်လျာထားရေးဆွဲသွားရန်နှင့် ထိုသို့ လျာထားရေးဆွဲပြီးပါကလည်း အပြည့်အ၀ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် မိမိတို့ဘက်က ဖြည့်ဆည်းဆောင်ရွက်ရမည့် အချက်များကို သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်သွားရန်လည်း ထည့်သွင်းမှတ်ချက် ပြုခဲ့သည်။အဆိုပါ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် တင်ပြချက်များကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် သင့်လျော်သောကာလတွင် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းထုတ်ပြန်ပေးသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လကုန်အထိ နှစ်ပတ်လည် အစီရင်ခံစာအရ ပြည်ထောင်စု၏ ရငွေသုံးငွေအခြေအနေမှာ ရငွေပိုင်းတွင် ကျပ် ၁၆၂၈၈ ဒသမ ၉၉၈ ဘီလျံရရှိခဲ့ပြီး၊ သုံးငွေတွင်ကျပ် ၁၉၄၄၄ ဒသမ ၃၅၉ ဘီလျံရှိခဲ့ကာ လိုငွေ ၃၁၅၅ ဒသမ ၃၆၁ ဘီလျံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent