မြန်မာ့ဆန်နှင့် ပြောင်းကို တရုတ်သို့ တရားဝင် တင်ပို့ပါက အခွန် ၇၈ ရာခိုင်နှုန်း ကောက်ခံပြီး Quota ဖြင့် တင်ပို့ပါက ၁၄ ရာခိုင်နှုန်းသာ ရှိသဖြင့် ခွဲတမ်းထပ်မံ ရရှိရေး ဆွေးနွေးနေရာ အကြမ်းဖျင်း သဘောတူညီမှု ရရှိထား

မြန်မာ့ဆန်နှင့် ပြောင်းကို တရုတ်သို့ တရားဝင် တင်ပို့ပါက အခွန် ၇၈ ရာခိုင်နှုန်း ကောက်ခံပြီး Quota ဖြင့် တင်ပို့ပါက ၁၄ ရာခိုင်နှုန်းသာ ရှိသဖြင့် ခွဲတမ်းထပ်မံ ရရှိရေး ဆွေးနွေးနေရာ အကြမ်းဖျင်း သဘောတူညီမှု ရရှိထား
Published 10 September 2016
နီလာ

မြန်မာနိုင်ငံမှ ဆန်နှင့် ပြောင်းကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ပါက အခွန် ၇၈ ရာခိုင်နှုန်း ကောက်ခံပြီး Quota ဖြင့် တင်ပို့ပါက ၁၄ ရာခိုင်နှုန်းသာ ကောက်ခံသဖြင့် ဆန်နှင့် ပြောင်းအတွက် Quota ခွဲတမ်း ထပ်မံရရှိရေး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ဆွေးနွေးလျက်ရှိရာ အကြမ်းဖျင်းအားဖြင့် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။“ဆန်နဲ့ပြောင်းကို Quota တောင်းတဲ့ ကိစ္စမှာ အဓိကက ဆန်နဲ့ပြောင်း ပို့တာမှာ မြန်မာဘက်က တရားဝင် တင်ပို့တာ ဖြစ်ပေမယ့် တရုတ်ဘက်ကတော့ တရားမဝင် အနေနဲ့ လက်ခံတာပေါ့။ အဲဒါကြောင့်မို့ အဓိကက Quota တွေကို ထပ်တိုးပေးဖို့။ ပြောင်းဆိုရင် Quota က တန်ချိန် ၈၀၀၀ ပဲရှိတယ်။ တရားဝင် Quota ပေးထားရင် အခွန်သက်သာတာပေါ့။ တကယ်လို့သာ တရားဝင် တင်ပို့ရမယ်ဆိုရင် အခွန်က အရမ်းများတယ်။ မြန်မာဘက်က ကုန်သည် အနေနဲ့ မပို့နိုင်ဘူး။ ဒါကြောင့်မို့ တရုတ်ဘက်မှာ တရားမဝင် အနေနဲ့ ရောက်သွားတဲ့ အနေအထားပါ။ မြန်မာနိုင်ငံ ဘက်ကတော့ တရားဝင် တင်ပို့တာ ဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။“Quota ရရင် ဆန်၊ ပြောင်းတစ်တန်ကို ၁၄ ရာခိုင်နှုန်း၊ Quota မပါရင် ၇၈ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒါက တန်ဖိုး အပေါ်မှာပါ။ ကိုယ်က ၁၀၀ ဖိုးပို့ရင် အခွန်က ၇၈ ရာခိုင်နှုန်းဆိုတော့ ၁၇၈ ဖြစ်သွားတာပေါ့။ ဆိုရင် ရောင်းနိုင်တဲ့ အနေအထားမှာ မရှိတော့ဘူး” ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။ယင်းကဲ့သို့ Quota တိုးမြှင့်ရရှိရေး တောင်းဆိုခဲ့စဉ် တရုတ်ဘက်မှ အကြမ်းဖျင်းအားဖြင့် ဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း၊ သို့သော်လည်း တကယ်တမ်းတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ထူးခြားမှု မရှိသေးကြောင်း သိရသည်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးစဉ်က မြန်မာဘက်မှ Quota တိုးမြှင့် ရရှိရေး တောင်းဆိုလေ့ ရှိသကဲ့သို့ တရုတ်ဘက်မှလည်း မြန်မာ့ လယ်ယာထွက်ကုန်များ တိုးမြှင့်ဝယ်ယူလိုသည်ဟု ဆွေးနွေးလေ့ရှိကြောင်း သိရသည်။“Quota ကို ထပ်တိုးတောင်းတာက ဒါက တရုတ် ဗဟိုအစိုးရရဲ့ ပေါ်လစီ ဖြစ်နေတာပေါ့။ သူတို့က ပြောင်းကို ၈၀၀၀ ကျော် ပေးထားတယ် ဆိုတာက အဓိက,က ဘိန်းအစားထိုးသီးနှံအတွက် ပေးထားတာ။ ဘိန်းအစားထိုး ပြောင်းစိုက်တဲ့အတွက် ဘိန်းအစားထိုးသီးနှံ ပြောင်းအတွက် Quota ပေးထားတာပေါ့။ သူတို့ ဘယ်လောက် ပေးမလဲကတော့ ဗဟိုအစိုးရ ပေါ်လစီ ဖြစ်ပါတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တရားဝင် ဆန်တန်ချိန် တစ်သိန်း တင်ပို့ရန် ၂၀၁၄ ခုနှစ်ကတည်းက MoU ရေးထိုးခဲ့ကြောင်း၊ သို့သော် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် သန်းနှင့်ချီ တင်ပို့လျက် ရှိသည်။ ယခုနှစ်တွင်မူ ဧပြီလမှ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့မှု ဆက်တိုက် ကျဆင်းလာနေပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် အီးယူနှင့် တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent