၂၀၁၆ နှစ်ကုန်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နှင့် အလယ်အလတ်ဟိုတယ် အခန်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ထက် သုံးဆခန့် မြင့်တက်လာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ဟိုတယ်အခန်းခများ ကျဆင်းလာ

၂၀၁၆ နှစ်ကုန်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နှင့် အလယ်အလတ်ဟိုတယ် အခန်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ထက် သုံးဆခန့် မြင့်တက်လာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ဟိုတယ်အခန်းခများ ကျဆင်းလာ
Published 10 September 2016
စည်သူအောင်

၂၀၁၆ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နှင့် အလယ်အလတ် ဟိုတယ် အခန်းအရေအတွက်သည် ၂၀၁၃ ခုနှစ်ကထက် သုံးဆခန့် မြင့်တက်လာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ခရီးသွားများ အနေဖြင့် ဟိုတယ်အခန်းခများ ကျဆင်းလာသည့် အကျိုးကျေးဇူးကို ရရှိလာမည်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International က ထုတ်ပြန်ခဲ့သည်။ယခုနှစ်အတွင်း ဟိုတယ်အခန်း အရေအတွက် ၄၇၇ ခန်းပါသော Melia Hotel ကဲ့ သို့ နိုင်ငံတကာအဆင့် ဟိုတယ်များ ဖွင့်လှစ်မှုနှင့် အတူ ၂၀၁၆ ခုနှစ် ပထမ လေးလပတ်တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက်သည် ၄၃၀၀ ခန့် ရှိလာပြီ ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်ကာ အဆင့်မြင့်ဟိုတယ် အခန်းများ ထွက်ပေါ်မှုနှုန်း ကောင်းမွန်ခဲ့ပြီး လေးနှစ်အတွင်း တစ်နှစ်ပျမ်းမျှ အခန်း ၉၀၀ ခန့် တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ထို့ပြင် မကြာမီနှစ်များအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် Daewoo Amara Hotel၊ Centre Point Grand Hotel၊ She-raton Yangon Hotel၊ Wyndham Hotel နှင့် Pan Pacific Hotel ကဲ့သို့ နိုင်ငံတကာအဆင့် ဟိုတယ်များလည်း ထပ်မံ ထွက်ပေါ်လာမည် ဖြစ်ခြင်းကြောင့် ရန်ကုန်မြို့တွင် ဟိုတယ်အခန်းများ တိုးတက်လာသကဲ့သို့ ဈေးနှုန်းယှဉ်ပြိုင်မှုများလည်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။၂၀၁၄ ခုနှစ်က အဆင့်မြင့်ဟိုတယ်ခန်း တစ်ခန်း၏ ဈေးနှုန်းသည် ၁၇၀ ဒေါ်လာခန့် ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၅၀ ဒေါ်လာ၊ ၂၀၁၆ ခုနှစ် ပထမ လေးလပတ်တွင် ၁၂၀ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ အလယ်အလတ် ဟိုတယ်အခန်းခများလည်း ကျဆင်းလာပြီး ၂၀၁၅ ခုနှစ်အတွင်း ၁၀၁ ဒေါ်လာခန့် ရှိရာမှ ၂၀၁၆ ခုနှစ်အတွင်း ၇၀ ဒေါ်လာအထိ လျော့ကျလာပြီး ၂၀၁၇ ခုနှစ်တွင်လည်း ထပ်မံကျဆင်းလာမည်ဟု Colliers International က ခန့်မှန်း တွက်ချက်ထားသည်။မြန်မာနိုင်ငံရှိ အဆင့်မြင့်နှင့် အလယ်အလတ် ဟိုတယ်ခန်းများတွင် တည်းခိုသော နိုင်ငံခြားသား ခရီးသွားများ အနက် အာရှနိုင်ငံများမှ ၇၂ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများမှ ၁၆ ရာခိုင်နှုန်း၊ အမေရိကမှ ခုနစ်ရာခိုင်နှုန်းရှိပြီး နိုင်ငံအလိုက် ဆိုပါက ထိုင်း၊ ဂျပန်၊ တရုတ်တို့က တည်းခိုမှု အများဆုံး ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားဈေးကွက်သည် နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရပြီး လက်ရှိအချိန်တွင်လည်း တိုးတက်မှုအချို့ ရှိနေသော်လည်း အခြေတည်စ အဆင့်တွင်သာ ရှိနေဆဲဖြစ်ရာ ဇိမ်ခံကမ္ဘာလှည့် ခရီးသွား အများအပြားကို ဆွဲဆောင်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်မှုများ လိုအပ်ကြောင်းနှင့် ခရီးသွား လုပ်ငန်း တိုးတက်စေရန် လှုံ့ဆော်မှုများ ပိုမို ပြုလုပ်ရန် လိုအပ်သကဲသို့ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦများ အားနည်းနေခြင်းကိုလည်း ကောင်းမွန်အောင် ဖြည့်ဆည်းနိုင်ရေးကလည်း အရေးကြီးကြောင်း Colliers International မှ ဝေဖန်ဆန်းစစ်သူ ဒေါ်တင်သန္တာဦးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ ပြည်တွင်း ပြည်ပ ဟိုတယ်နှင့် တည်းခိုခန်း ၁၃၇၁ လုံးနှင့် အခန်းပေါင်း ၅၃၇၁၆ ခန်းရှိသည်။ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ခရီးသွား ၅ သန်းမှ ၅ ဒသမ ၅ သန်းအထိ ဝင်ရောက်မည်ဟု မျှော်မှန်းထားသည်။

Most Read

Most Recent