ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နံနက် ၃ နာရီခန့်က ၁၁၅ မိုင် ရဲကင်းလူပျိုအိပ်ဆောင်၌ ရဲတပ်သား အချင်းချင်း ထမင်းအတူ ချက်စားရာမှ ငွေကြေးကုန်ကျမှု များသည်ဟုဆိုကာ စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် ရဲတပ်သားတစ်ဦး အိပ်ပျော်နေစဉ် ကျန်ရဲတပ်သား တစ်ဦးက ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ရာ ဓားဖြင့်ထိုးသော ရဲတပ်သားအား ဖမ်းချုပ်ထားပြီး ရဲစည်းကမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။“သူတို့က တစ်ခန်းထဲ အတူတူနေတာလေ၊ တစ်ခန်းထဲ အတူတူနေရင်းနဲ့ ပြောရရင်တော့ ထမင်းချက်စားတဲ့ကိစ္စ အဝေမတည့်တာပေါ့။ ရဲစည်းကမ်းနဲ့ပဲ သူတို့က စစ်ဆေးမှာ” ဟု ဖြူးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် ည ၉ နာရီခန့်က ရဲတပ်သားနေလင်းထက်နှင့် ရဲတပ်သားအောင်ဖြိုးလွင်တို့နှစ်ဦးသည် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအတွင်း လှည့်ကင်းတာဝန် ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်ကျ ရဲကင်းသို့ ပြန်လည်ရောက်ရှိ၍ ထမင်းအတူ ချက်စားခဲ့ကြရာ ငွေကုန်ကျမှု များပြားသဖြင့် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီးနောက် စက်တင်ဘာ ၇ ရက် နံနက် ၃ နာရီခန့်၌ ရဲတပ်သား အောင်ဖြိုးလွင်မှ ထမင်းစားရင်း စကားများ ရန်ဖြစ်ခဲ့ကြသည်ကို မကျေမနပ်ဖြစ်ကာ တစ်ခန်းထဲ အတူနေသည့် ရဲတပ်သား နေလင်းထက်အား အဝါရောင် ကော်ရိုးလေးလက်မခန့်၊ အသွားလေးလက်မခန့်ရှိ ကြက်သွန်လှီးဓားချွန်ဖြင့် ထိုးခဲ့ရာ နေလင်းထက်၏ ယာနံရိုး စူးဝင်ဒဏ်ရာတစ်ချက်၊ မေးစေ့အောက် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ခြင်း ဖြစ်သည်။
ထမင်းအတူချက်စားရာတွင် ငွေကုန်ကျမှု များသည်ဟုဆိုကာ စကားများ ရန်ဖြစ်ရာမှ ရဲတပ်သားအချင်းချင်း ဓားဖြင့်ထိုးမှု ဖြူးမြို့တွင် ဖြစ်ပွား