သီလဝါဆိပ်ကမ်း ဒေသရှိ အကွက်အမှတ် ၂၇၊ ၂၈ ၊ ၂၉ တို့တွင် အပြည်ပြည်ဆိုင်ရာ ကုန်တင်/ကုန်ချ ခေတ်မီဘက်စုံသုံး ပူးပေါင်းဆိပ်ခံတံတား တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်မည်

သီလဝါဆိပ်ကမ်း ဒေသရှိ အကွက်အမှတ် ၂၇၊ ၂၈ ၊ ၂၉ တို့တွင် အပြည်ပြည်ဆိုင်ရာ ကုန်တင်/ကုန်ချ ခေတ်မီဘက်စုံသုံး ပူးပေါင်းဆိပ်ခံတံတား တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်မည်
Published 5 September 2016
စည်သူအောင်

သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် ၂၇၊ ၂၈၊၂၉ တို့တွင် အပြည်ပြည်ဆိုင်ရာ ကုန်တင်/ကုန်ချ ခေတ်မီဘက်စုံသုံးပူးပေါင်း ဆိပ်ခံတံတား တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားသူများအား စက်တင်ဘာ ၅ ရက်တွင် အဆိုပြုလွှာ ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို Myanmar Edible Oil Industrial Public Corporation Ltd (MEICO)၊ Myanmar Agribusiness Public Corporation Ltd (MAPCO) နှင့် Myanmar Agricultural & General Development Public Ltd (MAGDPL) တို့က ရင်းနှီးမြှုပ်နှံရန် စီစဉ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည်။
စီမံကိန်းဆောင်ရွက်မည့် မြေကွက်သုံးကွက်သည် တစ်ကွက်လျှင် မြေဧရိယာ ၃၇ ဒသမ ၀၆ ဧက ကျယ်ဝန်းပြီး မြေကွက်များကို ပေါင်းစည်းလိုက်ပါက ၁၁၁ ဒသမ ၁၈ ဧကရှိသည်။ ယင်းမြေပေါ်တွင် ဆိပ်ခံတံတား မျက်နှာပြင်စာ အလျား ၅၉၀ မီတာ (အများဆုံး)၊ တံတားအကျယ် ၃၀ မီတာ (အနည်းဆုံး) နှင့် ကမ်းထောက်တံတားများ အပါအဝင် ကုန်သေတ္တာများ ကိုင်တွယ် တင်/ချခြင်း အဆင့်အထိ အသုံးပြုနိုင်သော ဆိပ်ကမ်းတစ်ခု (Integrated Port Terminal) တည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပါ စီမံကိန်းများအတွက် ခွင့်ပြုချက်များ ပေးအပ်ရာ၌ MAGDPL ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် (၆/၂၀၁၆ အစည်းအဝေး) တွင် လည်းကောင်း၊ MAPCO ကို ၂၀၁၆ ခုနှစ် မတ် ၁၈ ရက် (၁၀/၂၀၁၆ အစည်းအဝေး) တွင်လည်းကောင်း၊ MEICO ကို ၂၀၁၆ ခုနှစ် မတ် ၂၅ ရက် (၁၁/၂၀၁၆ အစည်းအဝေး) တွင်လည်းကောင်း သီခြားစီ ခွင့်ပြုပေးခဲ့ပြီး ယခုအပြည်ပြည်ဆိုင်ရာ ဘက်စုံသုံး ဆိပ်ကမ်းကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက အဖွဲ့အစည်း သုံးခုပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် စီမံကိန်းကာလနဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏတို့လို ကိစ္စတွေက ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်” ဟု MAPCO မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 

Most Read

Most Recent