ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မင်းလှ-စိန်ကန့်လန့်-သရက်စိန် လမ်းအတိုင်း ဆင်းလာပြီး၊ သစ်ခိုးကားငါးစီး မောင်းနှင်လာသော အဖွဲ့အား၊ မြို့ချောင်း Check Point ရှိ၊ သစ်တောစစ်ဆေးရေးဂိတ် တာဝန်ရှိသူများက ယာဉ်များအား စစ်ဆေးရန် ရပ်ခိုင်းစဉ်၊ သစ်တောမောင်းတံ ဂိတ်အား ဝင်တိုက်၍ အမြန်လမ်းမကြီးပေါ်သို့ မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။“မောင်းပြီး ထွက်ပြေးသွားတာ မနက် ၆ နာရီ ၅ မိနစ်လို့ ပြောတယ်။ ကျွန်တော်တို့ရဲ့ သစ်တောစစ်ဆေးရေးဂိတ်ပေါ့ဗျာ၊ သူတို့က ဖောကားငါးစီးနဲ့ Caster ယာဉ် တစ်စီးပေါ့၊ အဲဒီ ဟိုကောင်နဲ့ တိုက်တော့ သံနဲ့ လုပ်ထားတဲ့ မောင်းတံ၊ ပျက်စီးသွားတာပေါ့၊ စစ်ဆေး မခံဘဲနဲ့ မောင်းပြီး ထွက်ပြေးသွားတာပါ၊ ဒီက လိုက်ရှာနေရတာပေါ့၊ မိတော့ မမိသေးဘူး” ဟု ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်က၊ မြို့ချောင်းသစ်တော စစ်ဆေးရေးဂိတ် (Check Point)တွင်၊ တာဝန်ကျကင်း ဒုတပ်ကြပ်စံလင်းဦး၊ တပ်ကြပ်ကြီး သက်ခိုင်စိုးတို့နှင့်အတူ သစ်တောဌာနမှ တာဝန်ရှိသူများ ရှိနေစဉ်၊ အမြန်လမ်းမကြီး အနောက်ဘက်၊ မင်းလှ-စိန်ကန့်လန့်-သရက်စိန်လမ်းဘက်မှ မြို့ချောင်းဘက်သို့ တရားမဝင်သစ်များ တင်ဆောင်မောင်းနှင်လာသည့်၊ ဖောကား အပြာရောင်လေးစီး၊ အဖြူရောင် တစ်စီး၊ Custom ယာဉ်တစ်စီးနှင့်၊ ဆိုင်ကယ် ခြောက်စီးတို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် သစ်တောစစ်ဆေးရေး ဂိတ်မောင်းတံအား တိုက်ချကာ အမြန်လမ်းမကြီးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထိုသို့ မောင်းတံအား တိုက်ချ ထွက်ပြေးရာမှ တပ်ကြပ်ကြီး သက်ခိုင်စိုးအား မောင်းတံ သံကြိုးဖြင့် ရိုက်မိ၍ ညာလက်ခုံတွင် ပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ မောင်းနှင် ထွက်ပြေးသွားသည့် ဆိုင်ကယ် ခြောက်စီးအနက်၊ တစ်စီးမှာ လဲကျ ကျန်နေခဲ့သော်လည်း ဆိုင်ကယ်မောင်းသူမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း၊ အမြန်လမ်းပေါ် ထွက်ပြေးသွားသည့် သစ်ကားများအား၊ ဒုရဲမှူးကိုကို ဇော်ဦးစီးနှင့် အဖွဲ့မှ Grand Tiger ဖြင့် အမြန်လမ်းမကြီး ၅၂ မိုင်ရောက်သည်အထိ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း သစ်ခိုးယာဉ်များအား ဖမ်းဆီးမိခြင်း မရှိကြောင်း၊ မြို့ချောင်း သစ်တောစစ်ဆေးရေးဂိတ် အတက်/အဆင်း လမ်းများအား ခေတ္တ ပိတ်ဆို့ထားခဲ့ရပြီး၊ ထွက်ပြေး လွတ်မြောက်သွားသော သစ်ခိုးကားများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ကျောက်တံခါးမြို့နယ်တွင် ဇွန် ၃၀ ရက် နံနက် အစောပိုင်းကလည်း တရားမဝင် သစ်မ ျား တင်ဆောင်လာပြီး၊ ပဲခူးရိုးမ တောင်ပေါ်မှ ဆင်းလာသည့် ယာဉ်လေးစီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါ သစ်တင်ယာဉ်များမှ မြို့ချောင်းသစ်တော စစ်ဆေးဂိတ် အတားအဆီးများအား အတင်းတိုးဝင် မောင်းနှင် ထွက်ပြေးသဖြင့်၊ တာဝန်ရှိသူများက သေနတ်ဖြင့် ပစ်ဖောက်ခြောက်လှန့် ဖမ်းဆီးခဲ့ရပြီး၊ သစ်တင်ယာဉ် သုံးစီးနှင့် ယာဉ်နှင့်အတူ လိုက်ပါလာသည့် လူ ၂၀ ကျော်ခန့်တို့မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် သစ်ခိုးကားများ မောင်းနှင်လာသော အဖွဲ့က သစ်တောစစ်ဆေးဂိတ် မောင်းတံကို ဝင်တိုက်ပြီး ထွက်ပြေး