အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေး လိုလားချက်အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်း

အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေး လိုလားချက်အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက် ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်း
၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့တွင် တပ်မတော်က ၎င်းတို့၏ သဘောထားအမြင်ကို တင်ပြစဉ်
၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးနေ့တွင် တပ်မတော်က ၎င်းတို့၏ သဘောထားအမြင်ကို တင်ပြစဉ်
Published 3 September 2016
ငြိမ်းဇော်လင်း၊ ဇာလီမြင့်ဦး

အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက် စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထနေ့တွင် တင်သွင်းခဲ့သည်။
၂၁ ရာစုပင်လုံညီလာခံတွင် တပ်မတော်၏ တင်ပြချက်များအား အကျဉ်းချုပ် တင်သွင်းရာတွင် ဗိုလ်မှူးကြီးနေလင်းထွန်းက တင်သွင်းပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတပ်မတော်၏ သဘောထား စာတမ်းတွင် နိုင်ငံရေးဆိုင်ရာ၊ နိုင်ငံတော်ကာ ကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာများ ပါဝင်ကြောင်း သိရသည်။
တပ်မတော်၏ သဘောထားရပ်တည်ချက် စာတမ်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ နယ်နိမိတ် တည်တံ့ခိုင်မြဲမှုကို အာမခံချက်ပေးထားခြင်း၊ တိုင်းရင်းသား လူမျိုးများအား တန်းတူအခွင့်အရေး ပေးထားခြင်း၊ လူမျိုးစု လွှတ်တော်ဟု ခေါ်ဆိုနိုင်သည့် အမျိုးသားလွှတ်တော်အား ပြည်သူ့လွှတ်တေ်ာနှင့် တန်းတူအခွင့်အရေး ပေးထားခြင်းစသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ ပါဝင်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ ဥပဒေပြုရေးတွင်လည်း ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်နှစ်ရပ် ထားရှိခြင်း၊ အုပ်ချုပ်ရေးတွင် ပြည်ထောင်စု (ဗဟို) အစိုးရနှင့် ဒေသယူနစ် အစိုးရများရှိခြင်း၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်အား ပိုင်းခြားပေးထားခြင်း၊ ဘဏ္ဍာရေးနှင့်သယံဇာတများအား အစိုးရနှစ်ရပ်ကြား ခွဲဝေသုံးစွဲမှုကို ပိုင်းခြား သတ်မှတ်ပေးထားခြင်း၊ ရေးဆွဲပြဋ္ဌာန်းထားသည့် အခြေခံဥပဒေရှိခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ပြည်နယ်များအကြား အငြင်းပွားမှုများကို ဖြေရှင်းပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ထားရှိခြင်းတို့ကြောင့် ဖက်ဒရယ် စနစ်၏ ဝိသေသ လက္ခဏာများနှင့် ကိုက်ညီကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
အဆိုပါစာတမ်း၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွင်လည်း တပ်မတော်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မူဝါဒခြောက်ရပ်ကို ချမှတ်ထားရှိပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် မည်သည့်ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ လက်နက်ကိုင်တပ်များ၊ ကြီးကြပ်စောင့်ကြည့် လေ့လာရေးအဖွဲ့များကိုမျှ ဝင်ရောက်စွက်ဖက်ခွင့် စွက်ဖက်ခွင့်မပြုနိုင်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော တပ်မတော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော်ကို Standard Army ဖြစ်အောင် စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင ်အဖွဲ့များအနေဖြင့် NCA စာချုပ်ကိုအခြေခံပြီး မိမိတို့၏နိုင်ငံရေး မျှော်မှန်းချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေးလမ်းကြောင်းအတိုင်း၊ ပါဝင်လျှောက်လှမ်းပြီး နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ DDR လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ DDR/SSR လုပ်ငန်းစဉ်ကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးညီလာခံများကို သုံးနှစ်မှငါးနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို ဆောင်ရွက်ရာတွင် တပ်မတော်ကို မဏ္ဍိုင်ပြု၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ထည့်သွင်း တင်ပြခဲ့သည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခု နှစ်) အရသာ ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ပြောင်းလဲလာခြင်းဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်လိုက်သည့် အရပ်သားအစိုးရများ ပေါ်ထွန်းလာခဲ့ပြီးဖြစ်ပါသည်။ ယင်းအစိုးရများလက်ထက်တွင် NCA စာချုပ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ ဆက်လက်ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ အခြေခံရမည်ဖြစ်ပြီး ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံရေးလိုလားချက်အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အပေါ် အခြေခံ၍သာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်၏ သဘောထားရပ်တည်ချက်ကို အလေးအနက်ထား တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်’’ဟု ဗိုလ်မှူးကြီးနေလင်းထွန်းက အစီရင်ခံစာ တင်သွင်းခဲ့သည်။

Most Read

Most Recent