လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင် မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးကိုပါ အကျုံးဝင်သည့် ဘက်စုံလွှမ်းခြုံသော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အဓိကထား ပြင်ဆင်ရမည်ဟု နိုင်ငံရေးသုတေသီ ဦးမင်းဇင် ပြောက

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင် မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးကိုပါ အကျုံးဝင်သည့် ဘက်စုံလွှမ်းခြုံသော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အဓိကထား ပြင်ဆင်ရမည်ဟု နိုင်ငံရေးသုတေသီ ဦးမင်းဇင် ပြောက
Published 2 September 2016

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင် မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးကိုပါ အကျုံးဝင်သည့် ဘက်စုံလွှမ်းခြုံသော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အဓိကထား ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးသုတေသီ ဦးမင်းဇင်က ပြောကြားသည်။စက်တင်ဘာ ၂ ရက်က ပြုလုပ်သည့် ၂၁ ရာစုပင်လုံ ညီလာခံ တတိယနေ့တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အနေဖြင့် သဘောထား တင်သွင်းရာတွင် ဦးမင်းဇင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံ၏ ပြဿနာသည် အင်စတီကျူးရှင်းများ ပြောင်းလဲရုံနှင့် မပြေလည်နိုင်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းသည် နက်ရှိုင်းသည့် ဆင်းရဲမွဲတေမှု ခံနေရကြောင်း၊ ကုလသမဂ္ဂ သုတေသနများအရ လူဦးရေ၏ ၂၆ ရာ ခိုင်နှုန်းသည် ဆင်းရဲမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင်လည်း ပျက်ယွင်းနေကြောင်း၊ လူသား ဖွံ့ဖြိုးမှု အညွှန်းကိန်း HDI တွင်လည်း နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် ၁၄၈ ဖြစ်နေကြောင်း၊ သဘာဝပတ်ဝန်းကျင်တွင်လည်း ကုလသမဂ္ဂ၏ အန္တရာယ်နိုင်ငံ စာရင်းတွင် အာရှပစိဖိတ် ဒေသအတွင်း မြန်မာနိုင်ငံသည် အစိုးရိမ်ရဆုံး နိုင်ငံဖြစ်ကြောင်း၊ အဆိုပါ အခြေအနေများသည် မတည်ငြိမ်မှု၊ လူ့အဖွဲ့အစည်း ပြေလျော့မှု၊ ဆင်းရဲချမ်းသာ ကွာဟ တစ်ဖက်စောင်းနင်းဖြစ်မှုနှင့် အချင်းချင်း သံသယ ပိုမို ကြီးထွားလာစေကြောင်း၊ ထိုဒဏ်များကြောင့် နင်းပြားများဘ၀ ပိုမိုနိမ့်ကျပြီး အနိမ့်ကျဆုံး ခံရသူများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြောင်း၊ ထို့ကြောင့် အင်စတီကျူးရှင်း ပြုပြင်ရေး သာမက လူမှုတရားမျှတရေး social justice နှင့် သဘာ၀ ထိန်းသိမ်းရေးများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အမျိုးသမီးနှင့် လူငယ် အခန်းကဏ္ဍကို ရလဒ် အသီးအပွင့်အတွက် သာမက ဖြစ်စဉ်တွင်ပါ ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ယင်းမှာ လူ့အဆောက်အအုံ structural ဆိုင်ရာ ပြုပြင်ရေးဖြစ်ကြောင်း ဦးမင်းဇင်က ပြောကြားသည်။“ဒါနဲ့ တစ်ဆက်တည်း ဆက်စပ်နေတာကတော့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးပါပဲ။ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေး သာမက လူမှုတရားမျှတရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် လုံခြုံရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ရမယ်လို့ အဆိုပြုချင်ပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေးအန္တရာယ်ကို သမားရိုးကျ ခြိမ်းခြောက်မှုတွေကိုသာ ကြည့်ရုံမက သမားရိုးကျမဟုတ်တဲ့ အန္တရာယ်တွေဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်ရောဂါဘေး၊ သဘာဝဘေး၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု စတာတွေကိုပါ ထည့်စဉ်းစားရပါမယ်။ ချုပ်ပြောရင်တော့ လူသားဘ၀ လုံခြုံရေး human security ကို စဉ်းစားတာပါပဲ။ ဒါကြောင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး SSR ကို ပြောရရင် ပြည်တွင်း စစ်လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင် မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးကိုပါ အကျုံးဝင်တဲ့ ဘက်စုံလွှမ်းခြုံတဲ့ လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး comprehensive SSR ကို အဓိကထား ပြင်ဆင်ရမှာပါ” ဟု နိုင်ငံရေး သုတေသီ ဦးမင်းဇင်က ပြောကြားသည်။ထိုသို့ ဆောင်ရွက်ရာတွင် မူဝါဒနယ်ပယ်၌ သာမက အဖွဲ့အစည်း နယ်ပယ်တွင်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းမှုမှ စ၍ ရဲတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အဆုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ တစ်စုလုံး ခြုံငုံစဉ်းစား ပြင်ဆင်မှသာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး SSR ဟာ ပြည်ထောင်စုတွင်း တပ်မတော် အပါအဝင် လက်နက်ကိုင် အင်အားစု အားလုံးကို ဒီမိုကရေစီကို တာဝန်ခံသည့် အရပ်သားဦးဆောင်မှု အစိုးရအောက်တွင် ထားရှိရေးဆိုသည့် ရည်မှန်းချက်သာမက အမျိုးသား လုံခြုံရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံး ထိရောက်ရေးနှင့် စွမ်းရည်ထက်မြတ်ရေး effectiveness and efficiency ဆိုသည့် ဖြည့်စည်းမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဦးမင်းဇင်က ပြောကြားသည်။ယခုလို ဘက်စုံလွှမ်းခြုံသည့် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မယ် ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးဖြစ်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒများကို ပြောင်းလဲလာသည့် နိုင်ငံတကာနှင့် ပထဝီ နိုင်ငံရေး အခြေအနေများ၊ ဒီမိုကရေစီ ဝိသေသ လက္ခဏာများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် လူသားဘ၀ လုံခြုံရေးကို လွှမ်းခြုံနိုင်သည့် စဉ်းစားချက်များနှင့်အညီ ပြန်လည်သုံးသပ်ပြီး ရေးဆွဲသွားဖို့ လိုအပ်သည်ဟု မြင်မိကြောင်း ဦးမင်းဇင်က ပြောကြားသည်။ထိုသို့ စဉ်းစားသုံးသပ်သည့် နေရာများတွင်လည်း လူ့အဖွဲ့အစည်း တစ်ခုလုံးနှင့် သက်ဆိုင်သည့် လူသားဘ၀ လုံခြုံရေး အကြောင်းခြင်းရာ ပါဝင်နေသည့်အတွက် အဆိုပါ အချက်ကို အဖွဲ့အစည်းတချို့၊ လူပုဂ္ဂိုလ် တချို့ကသာ စဉ်းစားသုံးသပ် ဆုံးဖြတ်ခြင်းမျိုး မလုပ်သင့်သလို မပြောအပ် မဆိုအပ်သည့် နိုင်ငံရေး တားမြစ်ချက် မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ စဉ်းစားသုံးသပ် ဆုံးဖြတ်ရာတွင် လူ့အဖွဲ့အစည်း၏ ပါဝင်ဆောင်ရွက်မှုကိုလည်း ခွင့်ပြုပေးဖို့ မြှင့်တင်ပေးဖို့ လိုအပ်ကြောင်း၊ အားလုံးပါဝင်ဆွေးနွေး ဖလှယ်ခွင့်ရပါက အားကောင်းပြီး ညှိနှိုင်းသဘောတူချက်များအဖြစ် တဖြည်းဖြည်း နီးစပ်လာမည်ဖြစ်ကြောင်း ဦးမင်းဇင်က ပြောကြားသည်။  ဥပမာ အနေဖြင့် ၂၀၁၂-၂၀၁၃ နောက်ပိုင်းက စ၍ ဖက်ဒရယ်ဆိုသည့် သဘောတရားနှင့် ပတ်သက်ပါက ယခင်ကလို တားမြစ်ချက် မဟုတ်တော့သည့်အတွက် တပ်မတော်က စ၍ အင်အားစု အားလုံးသည် ဖက်ဒရယ်နှင့် ပတ်သက်၍ သုတေသနပြုပြီး အဆိုပြုချက် အသီးသီးကို ပြုလာကြသည်မှာ အားတက်စရာဖြစ်ကြောင်း ပြောကြားသည်။ ချက်ချင်းကြီး အဖြေမထွက်ပေမယ့်လည်း အမြင်ဖလှယ်ခွင့် လမ်းစပွင့်လာခြင်းမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ကောင်းမွန်စေရေးအတွက် အားထားရသော ဖြေရှင်းနည်းတစ်ရပ်ဖြစ်ကြောင်း ဦးမင်းဇင်က ပြောကြားသည်။“တကယ်တော့ နိုင်ငံရေး သဘောတူညီချက်ဆိုတာ တစ်ကြိမ်တစ်ခါတည်းနဲ့ ဇာတ်ပေါင်းရော၊ အောင်မြင်ရောဆိုတဲ့ သဘောမျိုး မမျှော်လင့်နိုင်ပါဘူး။ နိုင်ငံတော်နဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ တတ်နိုင်သမျှ အားလုံးညှိနှိုင်း ဖော်ဆောင်ရမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ အတ္တဘာဝနဲ့ ထင်တိုင်းပေါက် စိတ်တိုင်းကျ တည်ဆောက်လို့ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သမိုင်းဖြစ်စဉ်ကြီးရဲ့ ကောင်းမွေ၊ ဆိုးမွေတွေနဲ့ ဆက်စပ်ပြီး ဆင့်ကဲ ဖြစ်ထွန်းမှု evolution ဖြစ်လာတာကိုလည်း မျက်ကွယ် မပြုနိုင်ပါဘူး။ ဒါကြောင့် ဒီညီလာခံကြီးက ဆက်ပြီးပေါ်ပေါက်လာနိုင်မယ်လို့ မျှော်လင့်ရတဲ့ ပြည်ထောင်စု ပဋိညာဉ်ဟာလည်း တစ်ကြိမ်တည်း တစ်ခါတည်းနဲ့ ပြီးပြတ်မှာ မဟုတ်ဘဲ living document အဖြစ် အမြဲ ဆက်လက် ဖြည့်စွက် ပြင်ဆင်နေကြရမှာ ဖြစ်ပါတယ်” ဟု ဦးမင်းဇင်က ပြောကြားသည်။