အချိန်လွန်နေပြီဖြစ်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စားပွဲဝိုင်း၌ စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာရာတွင် အားလုံးသဘောတူ လက်ခံနိုင်သည့် မူဘောင်တစ်ခု မရှိမဖြစ် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အချိန်လွန်နေပြီဖြစ်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စားပွဲဝိုင်း၌ စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာရာတွင် အားလုံးသဘောတူ လက်ခံနိုင်သည့် မူဘောင်တစ်ခု မရှိမဖြစ် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 1 September 2016
ဇာလီမြင့်ဦး

အချိန်လွန်နေပြီဖြစ်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စားပွဲဝိုင်း၌ စေ့စပ်ညှိနှိုင်းဆွေး နွေးအဖြေရှာရာတွင် အားလုံးသဘောတူ လက်ခံနိုင်သည့် မူဘောင်တစ်ခု မရှိမဖြစ်လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် သြဂုတ် ၃၁ ရက်က MCC-2 ၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေးညီလာခံ၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်ထူထောင်စဉ်က ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ ဆွေးနွေးပွဲသည် တန်းတူရည်တူ အခွင့်အရေးတွေကို အာမခံခြင်း၊ ပြည်ထောင်စုသား တိုင်းရင်းသား အချင်းချင်း အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် ယုံကြည်မှုရယူခြင်းတို့နှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းတို့ကို အခြေခံမှာ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါက်ပေါက်လာသည့် အမျိုးသား ရင်ကြားစေ့ရေးမူကို အခြေခံသည့် အစိုးရအနေဖြင့်လည်း ယင်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်ကြောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) သည် ငြိမ်းချမ်းရေး အတွက်သာမက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်ကြောင်း၊ NCA နှင့်ပတ်သက်၍ လက်မှတ်ထိုးထားသော အဖွဲ့များရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးသည့် အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်ပြီးပြုလုပ်သည့်အခါ NCA ကိုအခြေခံပြီး ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် အစိုးရသစ်လက်ထက်၌ NCA လက်မှတ်ထိုးရန် ကျန်နေသည့်အဖွဲ့များ ပါဝင်လာနိုင်ရန် အလေးထား ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
“အမျိုးသား ရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း ကြားက သင့်မြတ်ရေးလည်း ပါဝင်ပါတယ်။ NCA လက်မှတ်ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ဝိဝါဒ ကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းအကြားမှာ နားလည်မှု လွဲမှားတာတွေ စိတ်ဝမ်းကွဲမှုတွေ မရှိစေဖို့ ဘုံသဘောတူညီ ချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျွန်မတို့ ကြိုးစားဆောင်ရွက် နေပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ အစိုးရဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များ အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့် အာဏာအရ နိုင်ငံသူ နိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ကြတဲ့ ရေရှည်တည်တံ့ ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှုအပြည့်အဝနဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွတ်ရေး မတည်ဆောက်နိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အားလုံးညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ်။ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမှ အခြားဒေသတွင်းနိုင်ငံတွေ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မှာပါ။ အချိန်လွန်နေပြီ ဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်မတို့ ဆွေးနွေးရမယ် ညှိနှိုင်းရမယ်။ ဒီလိုမျိုး စားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်း အဖြေရှာကြမယ်ဆိုရင် အားလုံးသဘောတူ လက်ခံနိုင်တဲ့ မူဘောင်တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကိုထူထောင်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ ယခင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခုဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်” ဟု ထည့်သွင်းပြောကြားသည်။
“မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲဆိုတာ အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေပါတယ်။ သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုများ ဖြစ်လာမလဲ ဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မဖြစ်ပါဘူး။ ဒီကနေ့မှာတော့ ကျွန်မတို့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုနှစ် ပင်လုံညီလာခံကြီး ကနေတစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့ စတင်လျှောက်လှမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကို ရောက်အောင် လှမ်းနိုင်ပါ့မလားဆိုတာ မြန်မာသာမက ကမ္ဘာက စောင့်ကြည့်နေကြပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်ပါဘူး။ အနာဂတ် မျိုးဆက်သစ်တွေ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်း လာနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောက်လာမယ့် မျိုးဆက်တွေဟာ ပဋိပက္ခတွေ ဆုံးရှုံးနစ်နာမှုတွေကြောင့် စိတ်ခန္ဓာ အနာတရတွေ ဘယ်တော့မှ မရသင့်တော့ပါဘူး။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးထွားတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွှင်ဂုဏ်ယူဖွယ် ဖြစ်လာပါမယ်” ဟု ပြောကြားသည်။                          

Most Read

Most Recent