မြန်မာ့ခရီးသွား လုပ်ငန်း၏ ဝင်ငွေ၊ GDP သို့ ထည့်ဝင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ အပါအဝင် ရေရှည်တိုးတက်မှုများသည် လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၁၈၀ အနက် ထိပ်တန်းနေရာ၌ ရှိနိုင်မည်ဟု WTTC သုံးသပ်

မြန်မာ့ခရီးသွား လုပ်ငန်း၏ ဝင်ငွေ၊ GDP သို့ ထည့်ဝင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ အပါအဝင် ရေရှည်တိုးတက်မှုများသည် လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၁၈၀ အနက် ထိပ်တန်းနေရာ၌ ရှိနိုင်မည်ဟု WTTC သုံးသပ်
Published 30 August 2016
မြတ်စုနိုင်၊ အေးမို့မို့အောင်သူ

ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (WTTC) ၏ သုံးသပ်မှုအရ မြန်မာ့ခရီးသွား လုပ်ငန်း၏ ဝင်ငွေ၊ GDP သို့ ထည့်ဝင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အပါအဝင် ရေရှည်တိုးတက်မှုများသည် ၂၀၁၅ ခုနှစ်မှ လာမည့် ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ ၁၈၀ အနက် ထိပ်တန်းနေရာတွင် ရှိနိုင်မည်ဟု သုံးသပ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက WTTC ၏ အစီရင်ခံစာကို ကိုးကား၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ ရှေ့အလားအလာနှင့် ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို သတင်း ထုတ်ပြန်ထားသည်။ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား သုံးသပ်ထားရာတွင်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ခရီးသွားလုပ်ငန်း အခြေအနေများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ယခုထက်ပို၍ အရှိန်အဟုန် မြှင့်တင်၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ၌ ရေးဆွဲထားသည့် ပင်မ စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၇ ဒသမ ၄၉ သန်း ဝင်ရောက်မည်ဟု သုံးသပ်ထားသော်လည်း နိုင်ငံတော်၏ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသည့် အခြေအနေများအရ များမကြာမီနှစ် အနည်းငယ်အတွင်း အဆိုပါ ရည်မှန်းချက်ကို ရောက်ရှိနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။အဆိုပါ သုံးသပ်ချက်ကို လက်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက အသိုင်းအဝိုင်းကလည်း ယုံကြည်လျက်ရှိကြောင်း သိရသည်။ထို့ကြောင့် နိုင်ငံတော် အစိုးရသစ် ကာလတွင်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေလျှော့ပေးနိုင်သည့် အဟန့်အတားများကို ဖယ်ရှားခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထိပ်တန်းကမ္ဘာ့ခရီးသွားနိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိလာနိုင်ပြီး လက်ရှိတွင်လည်း ခရီးသွား ကဏ္ဍတွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် Best Destination in AEC (Destination Awards 2015) ဆုကို လည်းကောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် TTG Asia Media မှ ချီးမြှင့်သည့် 2015's Destination of the Year ဆုကိုလည်းကောင်း ရရှိခဲ့သည်။ကမ္ဘာ့သဒ္ဓါတရား အထက်သန်ဆုံးနိုင်ငံ ၁၀ နိုင်ငံ စာရင်းတွင်လည်း မြန်မာနိုင်ငံသည် အဆင့် ၁ အဖြစ် ဖော်ပြခြင်း ခံရသည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သုံးသပ်ထားသည်။ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ (World Tourism Organization) ၏ နောက်ဆုံး အစီရင်ခံစာအရ ကမ္ဘာ့ခရီးသွား လုပ်ငန်းသည် အကြီးမားဆုံးနှင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး စီပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၁ ဒသမ ၁၈၄ ဘီလျံရှိပြီး စုစုပေါင်း ပို့ကုန်ပမာဏသည် ခုနစ်ရာခိုင်နှုန်း ရှိသဖြင့် ကမ္ဘာ့တတိယ အကြီးဆုံး ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်ကြောင်း WTO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Most Read

Most Recent