TNLA၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့ တက်ရောက်နိုင်ရန် အစိုးရဘက်က အနည်းငယ် သဘောထားကြီးပေးဖို့ လိုကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြောကြား

TNLA၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့ တက်ရောက်နိုင်ရန် အစိုးရဘက်က အနည်းငယ် သဘောထားကြီးပေးဖို့ လိုကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြောကြား
Published 28 August 2016
ဇာလီမြင့်ဦး

တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ ၂၁ ရာစု ပင်လုံသို့ တက်ရောက်နိုင်ရန် အစိုးရဘက်က အနည်းငယ် သဘောထားကြီးပေးဖို့ လိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ခူဦးရယ်က ပြောကြားသည်။
“အစိုးရနဲ့တော့ ကျွန်တော်တို့ တွေ့စဉ်အခါတုန်းကတော့ အားလုံးအတူတကွ ဝိုင်းကြိုးစား ကြည့်ကြမယ်ဆိုတဲ့ သဘောတော့ရှိတာပေါ့။ ဒါပေမဲ့ တရားဝင်ပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုကျွန်တော် တို့ ဘက်ကတော့ ဒီအဖွဲ့အစည်း တွေနဲ့ ဆက်စပ်ထားပါတယ်။ သူတို့ ကတော့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒီထုတ်ပြန် ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရမယ်ဆိုတဲ့ ဟာလေးမပါဘူး ဆိုရင်တော့ အားလုံးအဆင်ပြေမယ်။ သူတို့အနေနဲ့ ဒီညီလာခံ ကျင်းပတာကိုလည်း တက်ချင်တယ်။ နောက်သူတို့လည်း ကြိုဆိုတယ်ဆိုတဲ့ အကြောင်းကိုတော့ ပြောပါတယ်။ နောက်သူတို့လည်း ဆန္ဒရှိတယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါပေမဲ့ သူတို့ကို တစ်ဖက်သတ်ကြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရမယ်လို့ လူသိရှင်ကြားကြီး ထုတ်ပြန်မှလို့ ပြောတာကတော့ မတရားဘူးဆိုတဲ့ သဘောမျိုး သူတို့ခံစားရတာ ရှိပါတယ်။ သူတို့ပြောတာလည်း နည်းလမ်းကျတယ်လို့တော့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကတော့ အစိုးရဘက်က သဘောထား နည်းနည်းကြီးဖို့တော့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ခူဦးရယ်က ပြောကြားသည်။
အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် TNLA၊ MNDAA နှင့် AA တို့မှ ခေါင်းဆောင် ကိုယ်စားလှယ်များသည် သြဂုတ် ၉ ရက်က ရှမ်းပြည်နယ် မိုင်းလားဒေသတွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရရေး ဆွေးနွေးမှု တိုးတက်မှု မရှိခဲ့ကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးမှုတွင် လက်နက်ကိုင်နည်းလမ်းကို အပြီးတိုင်ချုပ်ငြိမ်းရန် သဘောထားကြေညာချက် ထုတ်ပြန်မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုမည်ဟု အစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်က ပြောခဲ့ကြောင်းနှင့် အဆိုပါအချက်မှာ မိမိတို့အတွက် အခက်အခဲရှိခြင်းကြောင့် အခြားဝေါဟာရ ပြောင်းပေးဖို့ တောင်းဆိုခဲ့ရာတွင် ညှိနှိုင်း၍ မရသေးသဖြင့် ၂၁ ရာစု ပင်လုံတက်ရောက်ရန် အစိုးရဘက်က TNLA၊ MNDAA နှင့် AA တို့အား လက်ရှိအချိန်အထိ ဖိတ်ကြားထားမှု မရှိသေးကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းထားမှု မရှိကြောင်း သတင်းရရှိသည်။
TNLA၊ MNDAA အပါအဝင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် စုဖွဲ့ထားသော UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တို့သည်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ဖြစ်ပေါ်ရေး အတွက် ဇွန် ၃ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယခုသြဂုတ်လလယ်က နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ တရားဝင်ညှိနှိုင်း ဆွေးနွေးမှုကို ပြုလုပ်ထားသည်။
သြဂုတ် ၃၁ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကျင်းပနိုင်မည့် အလားအလာအပေါ် ခူဦးရယ်က “ဒီတစ်ကြိမ် ပြုလုပ်မယ့် ညီလာခံ အစကတော့ ကျွန်တော်တို့ အကြောင်းအရာတွေ တင်ပြီးဆွေးနွေးမှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဆုံးဖြတ်ချက်တွေလည်းချမှာ မဟုတ်ဘူးလေ။ သို့သော် ဖွင့်ပွဲသာသာလို့ ပြောပေမယ့်လို့ ကျွန်တော်တို့ ဒါက ကောင်းတဲ့အစပျိုးမှုပေါ့။ လမ်းစဖွင့်နိုင်တဲ့ သဘောကတော့ကောင်းတဲ့ အစပျိုးမှုပေါ့” ဟု ဆက်လက် ပြောကြားသည်။
UNFC က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်လျက် လာမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ အနေဖြင့် အားလုံးနှင့် အတူတကွ ပါဝင်တက်ရောက် သွားကြမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ထုတ်ပြန်ထားသလို UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ် ခုနစ်ဦးကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကျင်းပရေး ကော်မတီတွင် ပါဝင်ရန် အမည်စာရင်း ပေးသွင်းထားပြီး ဖြစ်ကြောင်း ခူဦးရယ်က ပြောကြားသည်။             
 
 

Most Read

Most Recent