အစိုးရအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ရှိ နေရပ်ပြန်လိုကြသော စစ်ဘေးဒုက္ခသည်များ နေရပ်ပြန် နိုင်ရေးအတွက် မည်သည့်အစီအစဉ် မျှ ဆောင်ရွက်ခြင်း မရှိသေးသောကြောင့် နေရပ်ပြန်ရန် မလွယ်ကူသေးကြောင်း ကရင်ဒုက္ခသည် ကော်မတီ (KRC) ဥက္ကဋ္ဌ Rev. စောရောဘတ်ထွေးက သြဂုတ် ၂၇ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။
တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသား အများစုပါဝင်သည့် ပြည်သူများသည် မြန်မာ-ထိုင်း နယ်စပ်ဒေသ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန် အထိနေထိုင်နေကြရဆဲဖြစ်ပြီး လတ်တလောတွင် ရိက္ခာရရှိမှု နည်းပါးလာကြောင်း သိရသည်။
“လက်ရှိအခြေအနေကတော့ သူတို့ကစခန်းထဲမှာနေတော့ အရေး ကြီးဆုံးကတော့ ရိက္ခာနဲ့ပတ်သက် တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရိက္ခာ ပေးတာလဲ လုံလောက်မှုမရှိဘူးလေ။ ပြီးတော့ အိမ်တွေ၊ ဘာတွေဆောက် ဖို့ကလည်း သူတို့က အရင်တုန်းက လောက်မပေးနိုင်တော့ဘူး။ ဘာဖြစ် လို့လဲဆိုရင် သူတို့ကဘတ်ဂျက်တော် တော်နည်းလာပြီ။ သူတို့စိတ်ဓာတ် ကတော့ ပြန်လာဖို့ရှိတယ်။ ပြန်လာ ဖို့က အစိုးရကဘာမှအစီအစဉ်မရှိ တော့ ဒုက္ခသည်တွေက ပြန်ဖို့သိပ် မလွယ်ဘူး” ဟု KRC ဥက္ကဋ္ဌ Rev. စောရောဘတ်ထွေးက ပြောကြားသည်။
အလားတူ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ဒုက္ခသည်များ နေရပ်ပြန်ရေးကို စီစဉ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။
“အခုလောလောကတော့ KNU ကဘာမှစီစဉ်မှု မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဖွဲ့မယ့် Return ကော်မတီကလည်း မပြီးသေးဘူး။ ပြီးလို့ရှိရင် သူတို့က အစီအစဉ်ဘယ်လိုရှိမလဲ အဲဒီနေရာထိုင်ခင်းနဲ့ ပတ်သက်တာ။ ဒါပေမဲ့ KNU အနေနဲ့ကတော့ မေးတော့ မေးထားတယ်။ သူတို့ကြည့်ထားတဲ့ နေရာတချို့ရှိတယ်” ဟု Rev. စောရောဘတ်ထွေးက ပြောကြားသည်။
မြန်မာ-ထိုင်းနယ်စပ်တွင် လက်ရှိ KRC ၏ စာရင်းအရ ဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်ရှိပြီး နိုင်ငံခြားသို့ (တတိယနိုင်ငံများ) ထွက်ခွာသွားသူများကြောင့် ယခင်ထက် ဒုက္ခသည်ဦးရေ လျော့လာခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုဘက်မှာတော့ သူတို့ (UNHCR) အစီအစဉ်။ ဒီမှာပြန်လာလို့ ရှိရင်လည်း နိုင်ငံထဲမှာရှိတဲ့ UNHCR ကလည်း ကြည့်ရမှာပဲ။ အခုလောလောဆယ်မှာ အစိုးရက ဘာမှအစီအစဉ်မရှိတော့ UNHCR ဖြစ်စေ၊ NGOs ဖြစ်စေ ဘာမှ မလုပ်နိုင်ဘူး” ဟု Rev. စောရောဘတ်ထွေးက ပြောကြားသည်။
ထို့ပြင် ဒုက္ခသည်များ နေရပ်ပြန်လာရေးအတွက် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အထက်သို့ တင်ပြပေးမည်ဟု အကြောင်းပြန်ထားကြောင်း၊ မိုင်းရှင်းလင်းရေး ကိစ္စများကိုလည်း တင်ပြထားကြောင်း၊ ဒုက္ခသည်များ ပြန်လာရန်အတွက် မိုင်းရှင်းလင်းရေးအား အစိုးရနှင့် KNU တို့ တွဲလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
စစ်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များတွင် သွားရောက်နေထိုင်သည့် ကရင်တိုင်းရင်းသား အချို့သည် ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်လာပြီး မူလရွာဟောင်းများတွင် သွားရောက် နေထိုင်ကြရာတွင် လက်ရှိတွင် အဆိုပါမြေများမှာ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပိုင်မြေများ ဖြစ်နေသဖြင့် မြေယာ အငြင်းပွားသည့် ဖြစ်စဉ်အချို့ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေကြောင်း သိရသည်။
“အစိုးရကတော့ ပြန်ပြီးတော့ စီစဉ်ရမှာပေါ့။ အစိုးရက လက်မခံတော့ အခုကျွန်တော်တို့ ပြန်လာနေလို့မရဘူး။ သူတို့လက်ခံလို့ရှိရင် အဲဒီမြေတွေ၊ ဘာတွေသူတို့စီစဉ်ပေး ရမှာပေါ့။ နေရာစီစဉ်ပေးဖို့။ ပြန်ပေးပါလို့တော့ မပြောချင်ဘူး။ အိမ်တွေ ဘာတွေဆောက်ဖို့နေရာ၊ အလုပ်အကိုင် စားဝတ်နေရေးပေါ့” ဟု Rev. စောရောဘတ်ထွေးက ဆိုသည်။
မြန်မာ-ထိုင်းနယ်စပ်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်း၊ ထမ့်ဟင်၊ ကရင်နီ အမှတ် (၁) နှင့် အမှတ်(၂) ဒုက္ခသည် စခန်းကိုးခုရှိပြီး ဒုက္ခသည်အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စစ်ဘေးကြောင့်ကျေးရွာကို စွန့်ခွာခဲ့ရသည့် ဒေသခံများနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်မိသားစုများ နေထိုင်ရန် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ် မေလ ဆန်းပိုင်းမှစ၍ ပလောက်မြို့နယ်ရှိ တောင်နီရွာ၌ တည်ဆောက်နေသော နေအိမ်အလုံး ၁၀၀ အားအစိုးရက မူလခွင့်ပြုထားသည့်နေရာ မဟုတ်ဟုဆိုကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ဆောက်လုပ်မှုအား ဆက်လက်ဆောက်လုပ်ခွင့် မပြုဘဲ ရပ်နားခိုင်းခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
ယခင်စစ်ဘေးကြောင့် ဒေသခံများ စွန့်ခွာခဲ့ရသော ရွာဟောင်း များအနက် ထားဝယ်မြို့နယ်အတွင်းရှိ ကမာဟောရွာ၊ အမရာ (မြား)ရွာ၊ ပလောက်မြို့နယ်အတွင်းရှိ တောင်နီ (ကစယ်ခို) ရွာနှင့် တနင်္သာရီမြို့နယ် အတွင်းရှိ တိုးတယ်ထားရွာများ တွင် တစ်ရွာလျှင် အိမ်ခြေ ၁၀၀ အား နီပွန်ဖောင်ဒေးရှင်း၏ထောက်ပံ့မှု ဖြင့် တည်ဆောက်ရန် စီစဉ်ခဲ့ရာ အစိုးရဘက် တောင်နီ (ကစယ်ခို) ရွာ အစားဖောင်းတောဒေသ၌ ရွာတည်ဆောက်ရန်နှင့် ကျန်ရွာသုံးရွာကိုမူ မူလနေရာဟောင်းတွင် ခွင့်ပြုခဲ့သော်လည်း KNU က တောင်နီရွာဟောင်း နေရာတွင် တည်ဆောက်ခဲ့သဖြင့် တောင်နီရွာတွင် နီပွန်ဖောင်းဒေးရှင်း ထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်းအား တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်သုံးရွာ ဆောက်လုပ်ခြင်းအား ဆက်လက် ဆောက်လုပ်နိုင်ပြီး တောင်နီရွာတွင်တည် ဆောက်သည့်ခွဲတမ်း ၁၀၀ အား ကျန်သုံးရွာတွင် ဖြည့်စွက်တည်ဆောက်နိုင်ရန် KNU နှင့် နီပွန်ဖောင်ဒေးရှင်းတို့အား ဆွေးနွေးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အစိုးရအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မည်သည့်အစီအစဉ်မျှ ဆောင်ရွက်ခြင်း မရှိသေးသောကြောင့် နေရပ်ပြန်ရန် မလွယ်ကူကြောင်း ကရင်ဒုက္ခသည် ကော်မတီဥက္ကဋ္ဌ ပြောကြား















