ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် ရရှိရန် နီးကပ်လာဟု အမေရိကန်နှင့် ရုရှား ကြေညာ

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် ရရှိရန် နီးကပ်လာဟု အမေရိကန်နှင့် ရုရှား ကြေညာ
သြဂုတ် ၂၆ ရက်က ဂျီနီဗာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ (ဝဲ)နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်တို့ ဆွေးနွေးနေစဉ် (Photo: AFP)
သြဂုတ် ၂၆ ရက်က ဂျီနီဗာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ (ဝဲ)နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်တို့ ဆွေးနွေးနေစဉ် (Photo: AFP)
Published 27 August 2016

အမေရိကန်နှင့် ရုရှားတို့သည် ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် တစ်ခုကို ရရှိရန် နီးကပ်လာနေကြောင်း၊ သို့သော် အပြီးသတ် သဘောတူညီချက် မရရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်တို့က သြဂုတ် ၂၇ ရက်တွင် ဆွေးနွေးမှုများ အပြီး၌ ကြေညာခဲ့သည်။  
Lake Geneva ကမ်းခြေရှိ ဇိမ်ခံဟိုတယ် တစ်ခုတွင် ကယ်ရီနှင့် လက်ရော့ဗ်တို့သည် ၁၂ နာရီနီးပါးကြာ မရပ်မနား ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန်ဒီမစ်တူရာက ခဏကြာ ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ကယ်ရီက အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီး အများအပြားကို ဖယ်ရှားရန် သဘောတူခဲ့ကြောင်း၊ သို့သော် မဖြေရှင်းနိုင်သေးသော ကိစ္စအချို့ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရော့ဗ်ကလည်း အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန် ဆွေးနွေးမှုတွင် အလွန်အရေးပါသော ခြေလှမ်းများ လှမ်းနိုင်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားတွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ရန်အတွက် အပြီးသတ် သဘောတူညီချက် ရရှိရန် သို့မဟုတ် ကုလသမဂ္ဂ ကြားဝင်ညှိနှိုင်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသစ် ပြုလုပ်နိုင်ရန် မျှော်လင့်ချက် ရှိလာခဲ့သည်။
သဘောထား ကွဲလွဲနေသေးသော ကိစ္စအချို့အတွက် အပြီးသတ် သဘောတူညီချက် ရရှိနိုင်ရန် အမေရိကန်နှင့် ရုရှား ကျွမ်းကျင်ပညာရှင်များသည် ဂျီနီဗာတွင် လာမည့်ရက်များအတွင်း တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ကယ်ရီက ပြောကြားခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သည် ပျက်ပြားခဲ့သည်။ (သဘောတူညီချက်ကို) ချိုးဖောက်မှုများသည် နောက်ဆုံးတွင် ခြွင်းချက်တစ်ခု ဆိုခြင်းထက် စံတစ်ခု ဖြစ်လာနေကြောင်း ကယ်ရီက ဝန်ခံခဲ့သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ်အတွက် အရေးကြီးဆုံးအရာ နှစ်ခုကို ကယ်ရီက သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှာ ဆီးရီးယား အစိုးရ၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုကို တုံ့ပြန်ရန်နှင့် အယ်နျူဆရာတပ်ဦး အဖွဲ့ဟောင်း၏ သြဇာလွှမ်းမိုးမှု ပြန်လည် မြင့်တက်လာခြင်းကို စစ်ဆေးရန်ဖြစ်သည်။
အယ်နျူဆရာတပ်ဦးသည် အယ်ကေးဒါးအဖွဲ့၏ ဆီးရီးယား အဖွဲ့ခွဲ အဖြစ်မှ စွန့်လွှတ်ခဲ့ပြီးနောက် ဖာတက်အယ်ရှမ်တပ်ဦးအဖြစ် အမည်ပြောင်းခဲ့သည်။ သို့သော်  နျူ ဆရာအဖွဲ့သည် အယ်ကေးဒါးအဖွဲ့ဖြစ်ပြီး အဖွဲ့အမည်ကို ပြောင်းလဲခဲ့သော်လည်း ယင်းအဖွဲ့က အမှန်တကယ် လိုလားသည့် အရာနှင့် လုပ်ဆောင်ချင်သည့် အရာများကို ဖုံးကွယ်၍ မရကြောင်း ကယ်ရီက ပြောကြားခဲ့သည်။
ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်သူအားလုံး ပါဝင်သော ဆွေးနွေးပွဲကို သြဂုတ်လကုန် မတိုင်မီ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒီမစ်တူရာက ပြောကြားခဲ့သော်လည်း မြေပြင် အခြေအနေတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေခြင်းကြောင့် ၎င်း၏ နောက်ဆုံးရက် သတ်မှတ်ချက်သည် ကျော်လွန်သွားမည့် အခြေအနေ ရှိနေသည်။
Ref: AFP

Most Read

Most Recent