နိုင်ငံတကာ ဖိအားနှင့် ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပပညာရှင်များ ထည့်သွင်းရခြင်း ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်မှာ အကြံပေးရုံသာဖြစ်ကြောင်း ဦးဇော်ဌေး ပြောကြား

နိုင်ငံတကာ ဖိအားနှင့် ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပပညာရှင်များ ထည့်သွင်းရခြင်း ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်မှာ အကြံပေးရုံသာဖြစ်ကြောင်း ဦးဇော်ဌေး ပြောကြား
Published 27 August 2016
ငြိမ်းဇော်လင်း

ရခိုင်ပြည်နယ် အရေးကိစ္စသည် နိုင်ငံတကာ ဖိအားနှင့် ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပ ပညာရှင်များ ထည့်သွင်းရခြင်း ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်မှာ အကြံပေးရုံသာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။သြဂုတ် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၏ ပထမ ရက် ၁၀၀ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် အရည်အချင်း သတ်မှတ်ချက်များဖြစ်သည့် ဘက်လိုက်မှု ကင်းရမည်၊ လူအများက လေးစားသူဖြစ်ရမည်၊ အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားသူ စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြည်တွင်းပြည်ပမှ ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။“နောက်အချက်က ကော်မရှင်ကို ဘာလုပ်ပိုင်ခွင့်ပေးထားလဲ အဓိက အချက်ပါ။ ဒီကော်မရှင်က ဘာလုပ်ပိုင်ခွင့် ရှိလဲဆိုတော့ ကော်မရှင်က သူ့ရှာဖွေတွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတစ်ဆင့် မြန်မာနိုင်ငံ အစိုးရထံ တင်ပြရန်ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ကို ပေးတဲ့ လုပ်ပိုင်ခွင့်က ဒါပါ။ နောက်တစ်ချက်က ကျွန်တော်တို့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အစိုးရကော်မတီ ရှိပါတယ်။ နောက် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ပါဝင်ပတ်သက်မှု ရှိပါတယ်။ ကျွန်တော်တို့ မည်သို့ပင် ငြင်းဆန်စေကာမူ နိုင်ငံတကာရဲ့ ဖိအား ရှိပါတယ်။ နိုင်ငံတကာ ပါဝင်ပတ်သက်မှုတွေ ရှိပါတယ်။ OIC အပါအဝင်ပေါ့နော် နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ ပါဝင်ပတ်သက်မှုဟာ ပြီးခဲ့တဲ့ boat people မှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒီအဖွဲ့က အကြံပြု တင်ပြရုံပါပဲ။ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်သည် အကြံပြုချက်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတစ်ဆင့် မြန်မာအစိုးရကို တင်ပြဖို့ပဲ ဖြစ်ပါတယ်။ ဘာလုပ်ပါ ဘာလုပ်ပါဆိုတာ ဒီကော်မရှင်က ပြောပိုင်ခွင့် မရှိပါဘူး။ ကော်မရှင်ကပြောတဲ့ အကြံပြုချက်တွေကို အစိုးရက လုပ်ရမှာလား၊ မလုပ်ဘူးလား။ ဒါ မေးခွန်း ရှိပါတယ်။ အကယ်၍ မလုပ်ရင် ဘာဖြစ်မလဲ၊ လုပ်ရင် ဘာဖြစ်မလဲဆိုတာလဲ ရှိပါတယ်။ အဲဒီတော့ သူ့ကိုပေးထားတဲ့ တာဝန်က ဘာတွေလဲဆိုတော့ အားလုံးပေါင်း လေးချက် ရှိပါတယ်။ နံပါတ် (၁) က ရခိုင်ပြည်နယ်ရှိ ပြည်သူများ လုံခြုံရေးနဲ့ အခြေခံ အခွင့်အရေးများ အာမခံချက်ပေးရေး၊ နံပါတ် (၂) အချက်က ဖွံ့ဖြိုးရေး ကိစ္စ၊ အခြေခံ လူမှုဝန်ဆောင်မှု ရရှိရေး၊ နံပါတ် (၃)က ပဋိပက္ခ ကြိုတင်တားဆီးရေး၊ အခွင့်အရေးများ ပြန်လည် သင့်မြတ်ရေး institution များ တည်ဆောက်ရေး၊ ပြည်နယ်ဖွံ့ဖြိုးရေးလည်း ပါပါတယ်။ နံပါတ် (၄) က ခုနပြောတဲ့ ဒုက္ခသည်အဖြစ် နိုင်ငံတကာမှာ သွားနေတဲ့ ပင်ရင်းနိုင်ငံနဲ့ နောက်ခံ အကြောင်းအရာများ ဆက်နွှယ်မှုများကို သုံးသပ်ရန်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီတော့ သူ့ရဲ့ လုပ်ငန်းတာဝန်က (၄) ချက်၊ သူ့ကို လုပ်ပိုင်ခွင့်က အကြံပေးရုံပဲ” ဟု သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ထို့အတူ ကော်မရှင်၏ အကြံပြုချက် အားလုံးကို အစိုးရ အနေဖြင့် လိုက်လံလုပ်ဆောင်ရန် မလိုကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်သင့် မဖြစ်သင့် ဆွေးနွေးဆုံးဖြတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ထို့ပြင် အဆိုပါကော်မရှင်၏ အကြံပေးချက်တွင် နိုင်ငံသားဖြစ်မှု ကိစ္စများနှင့် ပတ်သက်၍ ပါဝင်ခဲ့ပါကလည်း အစိုးရ အနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသား ဥပဒေနှင့် မညီဘဲ အစိုးရက ပေး၍ မရကြောင်းနှင့် ထိလွယ်ရှလွယ်ကိစ္စ ဖြစ်သောကြောင့် လုပ်ချင်တိုင်း လုပ်၍ မရကြောင်း ဦးဇော်ဌေးက ထည့်သွင်း ပြောကြားသည်။ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပ ပညာရှင်များ ပါဝင်နေခြင်းနှင့် တာဝန်ပေးအပ်သည့် အချက်များတွင် အငြင်းပွားဖွယ် ဘင်္ဂါလီကိစ္စ ဆက်စပ်မှုများ ရှိနေသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။ အဆိုပါ ကော်မရှင်တွင် နိုင်ငံတကာပုဂ္ဂိုလ် သုံးဦး ပါဝင်နေခြင်းကို ကန့်ကွက်ကြောင်းနှင့် ကော်မရှင်အား ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားပါတီက တောင်းဆိုကြောင်းလည်း သဘောထားကြေညာချက် ထုတ်ပြန်ထားသည်။  

Most Read

Most Recent