မီးခိုးမြူပြဿနာ ပြန်လည် စတင်စဉ် စင်ကာပူနိုင်ငံ တစ်ဝန်း၌ မီးခိုးများ ဖုံးလွှမ်း

မီးခိုးမြူပြဿနာ ပြန်လည် စတင်စဉ် စင်ကာပူနိုင်ငံ တစ်ဝန်း၌ မီးခိုးများ ဖုံးလွှမ်း
သြဂုတ် ၂၆ ရက်က စင်ကာပူတွင် မီးခိုးမြူ ဖုံးလွှမ်းနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
သြဂုတ် ၂၆ ရက်က စင်ကာပူတွင် မီးခိုးမြူ ဖုံးလွှမ်းနေမှုကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
Published 26 August 2016

ယခုနှစ်၏ ပထမဆုံး မီးခိုးမြူပြဿနာ နှင့် ရင်ဆိုင်နေရသော စင်ကာပူနိုင်ငံတွင် သြဂုတ် ၂၆ ရက်က ညှော်နံ့ထွက်နေသော မီးခိုးများဖြင့် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ တောမီးရှို့မှုများကြောင့် စင်ကာပူသည် မီးခိုးငွေ့ ပြဿနာနှင့် နှစ်စဉ်ရင်ဆိုင်ရလေ့ ရှိသည်။
စင်ကာပူ၏ လေအရည်အသွေးသည် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ ရောက်နေပြီး သြဂုတ် ၂၆ ရက် တစ်ရက်လုံး၏ အခြေအနေမှာ ဆိုးရွားနေခဲ့သည်။ ယမန်နှစ်က မီးခိုးမြူပြဿနာသည် တွေ့ကြုံဖူးခဲ့သမျှတွင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး စင်ကာပူသာမက မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်မြေဒေသအချို့အထိ မီးခိုးမြူများ ဖုံးလွှမ်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းများနှင့် ပျော့ဖတ်လုပ်ရန် သစ်ပင်များ စိုက်ပျိုးရေးအတွက် တောများကို မီးရှို့ပြီး မြေရှင်းရာမှ ယခုကဲ့သို့ မီးခိုးများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ နှစ်စဉ် ဖြစ်ပေါ်နေကျ ထိုမီးခိုးပြဿ နာကို မဖြေရှင်းနိုင်သည့်အတွက် အင်ဒိုနီးရှားသည် အိမ်နီးချင်းနိုင်ငံတို့၏ ပြင်းထန်သော ဝေဖန်မှုများနှင့် နှစ်စဉ်ရင်ဆိုင်ရလေ့ ရှိသည်။ သို့သော် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံ အတွင်းမှ တောမီးလောင်မှုများသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက များစွာ နည်းနေသေးကြောင်း သိရသည်။
သြဂုတ် ၂၆ ရက်က လေထုညစ်ညမ်းမှု အဆင့်အညွှန်းကိန်း (PSI) သည် ၁၆၅ ရှိသည်ဟု စင်ကာပူ အမျိုးသား သဘာဝဘေးအန္တရာယ် ဌာနက ထုတ်ပြန်ခဲ့သည်။ PSI အဆင့်သည် ၁၀၀ အထက်တွင် ရှိပါက ကျန်းမာရေးနှင့် မညီညွတ်ဟု သတ်မှတ်ပြီး အဆောက်အအုံ ပြင်ပတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ကြောင်း ညွှန်ကြားထားသည်။ စင်ကာပူနိုင်ငံ တစ်ဝန်းတွင် သြဂုတ် ၂၆ ရက်က မီးခိုးတိမ်များက ဖုံးလွှမ်းနေရုံသာမက ပြင်းထန်သည့် သစ်ရွက်ညှော်နံများလည်း ရရှိနေခဲ့သည်။ ထို့အပြင် အထပ်မြင့်ရုံး အဆောက်အအုံများ အပေါ်မှ အောက်သို့ လုံး၀ မြင်ရခြင်း မရှိဘဲ အေအက်ဖ်ပီ သတင်းထောက် တစ်ဦး၏ ပြောကြားချက်အရ စင်ကာပူ၏ အမြင့်ဆုံး အဆောက်အအုံတစ်ခုဖြစ်သော Mount Faber အပေါ်ကပင် မိုးကုပ်စက်ဝိုင်းသို့ ကောင်းစွာ မြင်ရခြင်း မရှိဟု သိရသည်။
အိမ်နီးချင်း မလေးရှားနိုင်ငံ၏ မြို့တော်တွင်လည်း ပြီးခဲ့သည့် အပတ်ကတည်းက မီးခိုးမြူများ ရှိနေခဲ့သော်လည်း ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်သို့ မရောက်သေးကြောင်း သိရသည်။
ယမန်နှစ် စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းမှ သီတင်းသုံးပတ်ဆက်တိုက် မီးခိုးမြူများ ထွက်နေခဲ့ပြီးနောက် စင်ကာပူနိုင်ငံ၏ လေအရည်အသွေးသည် အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်လာကာ စာသင်ကျောင်းများ ပိတ်ပြီး ကာကွယ်ရေးမျက်နှာဖုံးများကို လိုက်လံဖြန့်ဝေရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။  
Ref: AFP

Most Read

Most Recent