ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ဝန်ကြီးချုပ် ထပ်မံဖိတ်ကြား

ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ဝန်ကြီးချုပ် ထပ်မံဖိတ်ကြား
Published 25 August 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi အား သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
တွေ့ဆုံမှုတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi သည် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ထပ်မံဖိတ်ကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။
“ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အန်တီတို့ဝန်ကြီး (ဒေါ်အောင်ဆန်းစုကြည်) ကို သူတို့နိုင်ငံကို အလည်အပတ်ခရီး လာရောက်ဖို့ ထပ်ဖိတ်ကြားပါတယ်။ သူတို့ဝန်ကြီးချုပ်က ဖိတ်ကြားတာကိုလည်း ပြောပါတယ်။ သူတို့က အရင်ကတည်းက အန်တီတို့ ဝန်ကြီးကို ဂျပန်လာလည်ဖို့ အကြိမ်ကြိမ် ဖိတ်ကြားထားခဲ့တာပေါ့။ အဲဒါ အခုလည်း အဆင်ပြေတဲ့ အချိန်ကျရင် လာလည်ဖို့ ထပ်ဖိတ်တာပါ။ အန်တီတို့ ဝန်ကြီးဘက်ကလည်း ဒီလတွေ အတွင်းမှာက ခရီးစဉ်တွေ ကျပ်နေတော့ သူတို့ဖိတ်ကြားတာကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ သွားဖို့ကတော့ ညှိနှိုင်းရဦးမှာပေါ့” ဟု ဒေါ်အေးအေးစိုးက ပြောကြားသည်။
တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့သည် ရန်ကုန်မြို့ပြ မဟာစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေသုတေသနလုပ်ငန်း အပါအဝင် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှု အတွက်သာမက မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးရှိမည့်၊ ပြည်သူများ အလုပ်အကိုင် ဖန်တီးပေးနိုင်မည့်၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေမည့်၊ နိုင်ငံအတွင်းရှိ ဒေသများအားလုံး မျှတစွာ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အစီအစဉ်များ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရန် လာမည့် စက်တင်ဘာလလယ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် ပြည်ပခရီးစဉ်များအဖြစ် မေ ၆ ရက်က လာအိုနိုင်ငံသို့ သမ္မတဦးထင်ကျော်နှင့်အတူ နေ့ချင်းပြန် ချစ်ကြည်ရေး ခရီးစဉ်၊ ထိုင်းနိုင်ငံသို့ ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ခရီးစဉ်နှင့် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခဲ့သည့် ခရီးစဉ်နှင့် တရုတ်နိုင်ငံသို့ သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်ကြာ ခရီးစဉ်တို့ သွားရောက်ခဲ့သည်။
 

Most Read

Most Recent