ပဲဈေးကွက်အတွင်း သိန်းသန်းကုမ္ပဏီမှ ပဲအရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်း ပေါ်ပေါက်နေသဖြင့် အဆိုပါ ကုမ္ပဏီနှင့် ပေးရန် ရရန် ရှိသူများ သြဂုတ် ၂၉ ရက် နောက်ဆုံးထားပြီး ကုန်စည်ဒိုင်သို့ စာရင်းပေးပို့ရန် ထုတ်ပြန်

ပဲဈေးကွက်အတွင်း သိန်းသန်းကုမ္ပဏီမှ ပဲအရောင်းအဝယ်နှင့် ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်း ပေါ်ပေါက်နေသဖြင့် အဆိုပါ ကုမ္ပဏီနှင့် ပေးရန် ရရန် ရှိသူများ သြဂုတ် ၂၉ ရက် နောက်ဆုံးထားပြီး ကုန်စည်ဒိုင်သို့ စာရင်းပေးပို့ရန် ထုတ်ပြန်
ပဲအရောင်းအဝယ် ပြုလုပ်သည့် ဘုရင့်နောင် ကုန်စည်ဒိုင်အား တွေ့ရစဉ်
ပဲအရောင်းအဝယ် ပြုလုပ်သည့် ဘုရင့်နောင် ကုန်စည်ဒိုင်အား တွေ့ရစဉ်
Published 25 August 2016
နီလာ

ရန်ကုန်တိုင်းဒေသကြီး၊ ပဲဈေးကွက်အတွင်း သိန်းသန်းကုမ္ပဏီမှ ပဲအရောင်းအဝယ် ပြုလုပ်ထားမှုနှင့် ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်းတစ်ခု ပေါ်ပေါက်နေသဖြင့် အဆိုပါကုမ္ပဏီနှင့် ပေးရန်ရရန်ရှိသူများ သြဂုတ် ၂၉ ရက်နောက်ဆုံးထားပြီး ကုန်စည်ဒိုင်သို့ စာရင်းပေးပို့ရန် ထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“အဓိကက ငွေကြေးအရှုပ်အရှင်း ဖြစ်တာက ပြီးခဲ့တဲ့နှစ်နှစ်က မိုးသက်ကုမ္ပဏီ ပုံစံမျိုး ဖြစ်သွားတာပါပဲ။ သူကတော့ လက်ရှိဆက် ပြီးစာရင်းရှင်းလင်းဖို့ သူမလွယ်တဲ့ အခါကျတော့ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ သူပေးရန်ရှိတဲ့ စာရင်းတွေကို အသင်းကိုလာပြီး စာရင်းရှင်းပေးပါဆိုပြီး အပ်တာပေါ့။ အဲဒီတော့ ဖြစ်တဲ့ကုမ္ပဏီက သိန်းသန်းကုမ္ပဏီပေါ့။ ကုန်စည်ဒိုင်နဲ့ပဲ/နှမ်း အသင်းမှာလည်း စာကပ်ပေးထားပါတယ်။ သြဂုတ် ၂၄ ကနေ တနင်္လာနေ့အတွင်း ဒီပဲနှမ်းကုမ္ပဏီနဲ့ ရောင်းထားတာတွေရှိတဲ့ ရရန်ပေးရန် ရှိတယ်ဆိုရင် စာရင်းတင်ပေးပါ ဆိုပြီး စာကပ်ပေးထားပါတယ်” ဟုဦးမင်းကိုဦးက ပြောကြားသည်။
“ပြောရရင် ပြည်တွင်းမှာလည်း သူရောင်းထားတာရှိတယ်။ နိုင်ငံခြားကို ရောင်းထားတာလည်း အထိုက်အလျောက်ရှိတယ်။ ငွေယူထားတာလေးတွေလည်း အထိုက်အလျောက်ရှိတယ်။ အဲဒီတော့ ဒီစာရင်းတွေ တက်လာမှပဲ အားလုံးကြည့်လို့ ရမှာပေါ့” ဟု ဦးမင်းကိုဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း ငွေကြေးအရှုပ်အရှင်းများ ထပ်မံမပေါ်ပေါက်စေရန် ကြိုရောင်းကြိုဝယ် ပြုလုပ်မည်ဆိုပါက ဘဏ်တွင် ၁၀ ရာခိုင်နှုန်း စရံပေးချေးကာ အရောင်းအဝယ် ပြုလုပ်သည့်စနစ်ကို မြန်မာနိုင်ငံသား များဘဏ်နှင့် ချိတ်ဆက်ကာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။
“အခုဖြစ်တာက ဒီကိစ္စနဲ့မဆိုင်ဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်မှာ ကတည်းက ပဲဈေးအတက်အကျတွေ အပေါ်မှာ ကုမ္ပဏီက အရှုံးပြတယ်ပေါ့နော်။ ဒီနှစ်ထဲ ရောက်တဲ့ အချိန်မှာ တကယ်တမ်း ငွေစာရင်း ဆက်ရှင်းတဲ့အခါမှာ ရှင်းနိုင်တဲ့ အနေအထား မရှိတော့ဘူး။ အဲဒီတော့ အသင်းကို ရှင်းပေးပါဆိုပြီး အပ်တဲ့သဘောပါ။ ပြောရရင် လိမ်တာမျိုးတော့ မဟုတ်ပါဘူး။ ဆက်ပြီးတော့ရှင်းရင် ရှင်းနိုင်တဲ့ အင်အားမရှိတော့လို့ အသင်းအဖွဲ့ကို ပြန်ပြီးအကူအညီ တောင်းတာပါ။ ဒါကြောင့် ပထမအဆင့် ရရန်ပေးရန်ရှိတဲ့ သူတွေကို စာရင်းတောင်းတဲ့ သဘောပါပဲ” ဟု ဦးမင်းကိုဦးက ပြောကြားသည်။
၂၀၀၈ ခုနှစ်က ပဲအရောင်းအဝယ် လောကအတွင်း ပဲလက်ကြီးရောင်းဝယ်သူ တချို့က ကြိုရောင်း ကြိုဝယ်နှင့် ဈေးကစားမှုများ၊ DO လက်ဆင့်ကမ်း ရောင်းချမှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ပဲအရှုပ်အရှင်း ပြဿနာများ ဖြစ်ပေါ်ခဲ့ရပြီး ငွေကျပ်ပေါင်း ၂၀၆ ဘီလျံကျော် အကြွေးများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ ၂၀၁၄ ခုနှစ် မေလအတွင်းကလည်း မြန်မာနိုင်ငံ၏ အကြီးဆုံး လယ်ယာထွက်ကုန် ဈေးကွက်ကြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ပဲဈေးကွက်တွင် ကျပ်သိန်းပေါင်း သောင်းချီသော ငွေကြေးအရှုပ်အရှင်းတစ်ခု ထပ်မံဖြစ်ပေါ်ခဲ့သည်။
 

Most Read

Most Recent