ကမ္ဘာ့အကြီးဆုံးပုလဲ ဖိလစ်ပိုင်၌ ပေါ်ထွက်လာ

ကမ္ဘာ့အကြီးဆုံးပုလဲ ဖိလစ်ပိုင်၌ ပေါ်ထွက်လာ
Published 25 August 2016

ဖိလစ်ပိုင်ငါးဖမ်းသမား တစ်ဦးသည် ကမ္ဘာ့အကြီးဆုံး ပုလဲဟု ယူဆရသည့် ပုလဲတစ်လုံးကို တွေ့ရှိခဲ့သော်လည်း ယင်းပုလဲ၏ တန်ဖိုးကို မသိရှိသည့်အတွက် ၎င်း၏ အိပ်ရာအောက်တွင် ဆယ်စုနှစ် တစ်ခုကြာ ဝှက်ထားခဲ့သည်ဟု ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ငါးဖမ်းသမားသည် ပင်လယ်ပြင်၌ မုန်တိုင်းပြီးဆုံးမှု ကိုစောင့်ဆိုင်းနေစဉ် ၎င်း၏ကျောက်ဆူးတွင် ငြိပါလာသည့် ကြီးမားသော ခုံးကောင်တစ်ကောင်၏ အတွင်းဘက်၌ ၃၄ ကီလိုဂရမ် (၇၅ ပေါင်) ရှိသော ပုလဲတစ်လုံးကို တွေ့ရှိခဲ့သည်ဟု ပြည်တွင်း ခရီးသွားလုပ်ငန်း၏ဥက္ကဋ္ဌ Cynthia Amurao က ပြောကြားခဲ့သည်။ Amurao သည် ယင်းအမျိုးသား၏ အဒေါ်တော်စပ်သည်ဟု သိရသည်။
အလျား ၆၀ စင်တီမီတာ အနံ ၃၀ စင် တီမီတာရှိသည့် ပုလဲသည် ဒေါ်လာသန်းနှင့်ချီ တန်သည်ကို မသိရှိသောကြောင့် ငါးဖမ်းသမားသည် ၎င်း၏သက်ကယ်တဲ နေအိမ်ရှိ အိပ်ရာအောက်၌ ကံကောင်းသည့် အဆောင်တစ်ခု အနေဖြင့် သိမ်းဆည်းခဲ့သည်ဟု Amurao က ဆိုသည်။
ငါးဖမ်းသမား၏ သဘောတူညီမှုဖြင့် ယင်းပုလဲကို ပါလာဝမ်ပြည်နယ်၏ မြို့တော် Puerto Princesa ရှိ မြို့တော်ခန်းမတွင် သြဂုတ် ၂၁ ရက်မှ စပြီး ပြသခဲ့သည်။ ယင်းပုလဲ၏ ဓာတ်ပုံများကို အစိုးရ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ယခင်က ကမ္ဘာ့အကြီးဆုံး ပုလဲမှာ ပါလာဝမ် ကမ်းရိုးတန်း၌ပင် ၁၉၃၀ ပြည့်နှစ်က တွေ့ရှိခဲ့သည့် အလေးချိန် ၁၄ ကီလိုဂရမ်ရှိသည့် Pearl of Allah (Pearl of Lao Tzu ဟုလည်း သိရှိသည့်) ဖြစ်ပြီး ဒေါ်လာ ၁၀ သန်းခန့် တန်သည်ဟု ပညာရှင်များက တန်ဖိုးဖြတ်ခဲ့သည်။             
Ref : AFP

Most Read

Most Recent