အီတလီတွင် အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံး

အီတလီတွင် အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံး
Published 24 August 2016
Ref: AFP

သြဂုတ် ၂၄ ရက် အစောပိုင်းက အီတလီနိုင်ငံ အလယ်ပိုင်းသို့ ပြင်းအား ၆ ဒသမ ၂ အဆင့် ရှိသည့် အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုငလျင်ကြောင့် တောင်ပေါ်ကျေးရွာများ ပျက်စီးခဲ့ပြီး သေဆုံးသူ ၃၈ ဦးထက်မနည်း ရှိခဲ့သည်။အမ်ဘရီရာ၊ မာချီနှင့် လာဇီယိုဒေသတို့ကို ခွလျက်တည်ရှိကာ လူနေကျဲပါးပြီး ဝေးလံခေါင်သီသော နေရာတစ်ခုကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင် ဗဟိုချက်အနီးမှ လူနေထိုင်ရာ နေရာများရှိ အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။သြဂုတ် ၂၄ ရက် အရုဏ်တက်ချိန်တွင် အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဒေသခံများနှင့် အရေးပေါ် တပ်ဖွဲ့များသည် အလျင်အမြန် ကြိုးပမ်းနေသည်။ ဒေသခံ အရာရှိများက လူသေဆုံးမှုသည် ထပ်မံမြင့်တက်လာဖွယ် ရှိသည်ဟု ဆိုသည်။ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်မှာ အင်အားပြင်းထန်ပြီး နောက်ဆက်တွဲ ငလျင်များသည် ငလျင်ဗဟိုချက်နှင့် မိုင် ၉၀ (ကီလိုမီတာ ၁၅၀) အကွာတွင်ရှိသော ရောမမြို့တွင် နေထိုင်သူများကိုပင် လန့်နိုးစေသည်အထိ ပြင်းထန်ကြောင်း အီတလီ ပြည်သူ့ကာကွယ်ရေးဌာန၏ ဥက္ကဋ္ဌဖြစ်သူ ဖာဘရီဇီယိုကာစီယိုက ပြောကြားခဲ့သည်။ငလျင်ကြောင့် သေဆုံးသည်ဟု ပထမဆုံး အတည်ပြုနိုင်သူနှစ်ဦးမှာ မာချီဒေသထဲရှိ သက်ကြီးပိုင်း ဇနီးမောင်နှံ နှစ်ဦးဖြစ်ပြီးနေ အိမ်ပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အက်ကူမိုလီမြို့တွင် သေဆုံးသူ တစ်ဦးရှိပြီး နေအိမ်ပြိုကျမှုကြောင့် ပိတ်မိနေသည့် ကလေးငယ်နှစ်ဦးပါ မိသားစုလေးဦးမှာ သေဆုံးဖွယ်ရှိသည်ဟု သိရသည်။ “ကပ်ဘေးတစ်ခုပါပဲ။ မီးမရှိဘူး၊ တယ်လီဖုန်းလည်း ဆက်လို့မရဘူး။ ကယ်ဆယ်ရေးတွေလည်း ခုထိရောက်မလာသေးဘူး” ဟု အက်ကူမိုလီ၏ မြို့တော်ဝန်စတီဖာနိုပီထရုစီက ပြောကြားခဲ့သည်။လာဇီယိုဒေသနှင့် ကပ်လျက်ရှိသော တောင်ပေါ်ရွာလေး တစ်ခုဖြစ်သည့် အမာထရီစီတွင် အပျက်အစီးများကြားမှ အလောင်းနှစ်လောင်း တွေ့ရှိခဲ့သည်။ “ရွာတစ်ဝက်လောက် ပျောက်သွားပါတယ်” ဟု အမာထရီစီ၏ မြို့တော်ဝန် ဆာဂျီအိုပီရိုဇီက ပြောကြားခဲ့သည်။ ရွာသို့ဝင်ထွက်ရန် လမ်းကြောင်းမှာ ပိတ်နေပြီး အရေးပေါ် ကယ်ဆယ်ရေးများ လာရောက်ရန် မဖြစ်နိုင်သော အခြေအနေ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။ လှပသောကြောင့် နာမည်ကျော်သည့် အမာထရီစီကျေးရွာသည် ပူအိုက်နွေရာသီတွင် အေးမြသည့် တောင်ပေါ်လေရှူရှိုက်လိုသည့် ရောမမြို့မှ ခရီးသွားများ ကြိုက်နှစ်သက်သည့် နေရာတစ်ခု ဖြစ်သည်။ပထမဆုံး ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ နာရီမိနစ် ၃၀ တွင် လှုပ်ခတ်ခဲ့ပြီး တစ်နာရီ အကြာတွင် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိသည့် နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန (USGS) က ထုတ်ပြန်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် သေဆုံးပျက်စီးမှု အများအပြား ရှိလိမ့်မည်ဟု USGS ၏ PAGER စနစ်မှ အနီရောင် သတိပေးချက် ထုတ်ပြန်ထားသည်။  ၂၀၀၉ ခုနှစ်ကလည်း အကွီလာမြို့အနီးတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၃၀၀ ကျော် ရှိခဲ့သည်။ အီတလီနိုင်ငံတွင် မြေငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိပြီး ယင်းတို့သည် တောင်တန်းဒေသများသို့ ဗဟိုပြု လှုပ်ခတ်လေ့ ရှိသည်။

Most Read

Most Recent