ဆီးရီးယားနယ်စပ်မြို့မှ IS များကို မောင်းထုတ်ရန် တူရကီက စစ်ဆင်ရေးတစ်ရပ် စတင်

ဆီးရီးယားနယ်စပ်မြို့မှ IS များကို မောင်းထုတ်ရန် တူရကီက စစ်ဆင်ရေးတစ်ရပ် စတင်
Published 24 August 2016
Ref: AFP

တူရကီနှင့် ထိစပ်နေသော အဓိကကျသည့် ဆီးရီးယားနယ်စပ်မြို့မှ IS ဂျီဟတ်များကို မောင်းထုတ်ရန်အတွက် တူရကီစစ်တပ်နှင့် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တို့ သည် သြဂုတ် ၂၄ ရက်က စစ်ဆင်ရေးတစ်ခု စတင်ခဲ့ကြောင်း တူရကီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ဆီးရီးယားမြို့ ဂျာရာဘလက်စ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များ တူရကီဘက်သို့ ကျရောက်ခဲ့ပြီးနောက် တူရကီတပ်ဖွဲ့များက ဂျီဟတ်များကို ပြန်လည်တုံ့ပြန် ပစ်ခတ်မှုများဖြင့် ဆီးရီးယား-တူရကီ နယ်စပ်တွင် ပြီးခဲ့သည့်ရက်များ ကတည်းက တင်းမာမှု မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။“အလက်ပိုပြည်နယ် ဂျာရာဘလက်စ် ခရိုင်ထဲက Daesh အကြမ်းဖက် အဖွဲ့အစည်းကို ရှင်းလင်းဖို့အတွက် တူရကီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နိုင်ငံတကာ ညွန့်ပေါင်း တပ်ဖွဲ့က စစ်ဆင်ရေးတစ်ခု စတင်ဆင်နွှဲနေပါတယ်” ဟု ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်ထဲတွင် IS ၏ အာရပ်အမည်ကိုသုံး၍ ဖော်ပြခဲ့သည်။ထိုစစ်ဆင်ရေးသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ဝန်းကျင်က စတင်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် သတင်းဌာန Anadolu တွင် ဖော်ပြခဲ့သည်။ ဒုတိယဝန်ကြီးချုပ် နူမန်ကာ တူမတ်စ်နှင့် ပုဂ္ဂလိကရုပ်သံ NTV တို့၏  အစောပိုင်းက တွေ့ဆုံမေးမြန်းမှုအတွင်း တူရကီမြို့ ကာကမစ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ဂျာရာဘလက်စ်မြို့ကို တူရကီအစိုးရက အမျိုးသား လုံခြုံရေးပြဿနာ တစ်ခုအဖြစ် ရှုမြင်နေကြောင်း ပြောကြားခဲ့ဖူးသည်။“အစောပိုင်းကတည်းက ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဂျာရာဘလက်စ် သာမက အခြားဘယ်မြို့ကိုမှ IS တို့ ထိန်းချုပ်ထားတာဟာ လက်မခံနိုင်စရာပါဘဲ” ဟု ၎င်းက ပြောကြားခဲ့သည်။အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်သည် တူရကီခေါင်းဆောင်များနှင့် တွေ့ဆုံရန် အင်ကာရာသို့ ရောက်ရှိနေစဉ် ယခု စစ်ဆင်ရေး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဇူလိုင် ၁၅ ရက်က တူရကီတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘိုင်ဒင်သည် တူရကီသို့ ရောက်လာသည့် ရာထူးအမြင့်ဆုံး အနောက်နိုင်ငံ အရာရှိတစ်ဦး ဖြစ်လာသည်။တူရကီ F-16 ဂျက်လေယာဉ်များသည် ဂျာရာဘလက်စ်မြို့ရှိ IS ပစ်မှတ်များကို ဗုံးများကြဲချနေပုံကို NTV ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသခဲ့သည်။ ရုရှားစစ်လေယာဉ်တစ်စင်းကို တူရကီလေတပ်က ပစ်ချခဲ့သည့်အတွက် ပြီးခဲ့သည့်နိုဝင်ဘာလက ရုရှားနှင့် တူရကီတို့ကြားတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ယခုတိုက်ခိုက်မှုသည် တူရကီ၏ ပထမဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ဆီးရီးယားစစ်ပွဲကို အဆုံးသတ်ရန် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကို ဖြုတ်ချရေးသည် အဓိကကျသည်ဟု တူရကီက အစဉ်ပြောကြားနေသဖြင့် အာဆတ်ကို အဓိက ထောက်ပံ့သူများဖြစ်ကြသော အီရန်၊ ရုရှားနှင့် တူရကီတို့ကြားမှ ဆက်ဆံရေးမှာ ပြေပြစ်ခြင်း မရှိခဲ့ပေ။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က တူရကီဝန်ကြီးချုပ် မီနာလီယာဒီရမ်က အာဆတ်သည် ဆီးရီးယား၏ အဓိကဇာတ်ကောင်တစ်ဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် အသိအမှတ်ပြုခဲ့ကာ အကူးအပြောင်း ကာလ၌ အာဆတ်ရှိနေရန် လိုအပ်နိုင်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent