ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင် စသည်တို့အတွက် နိုင်ငံတော်မှ ကျခံသုံးစွဲနေသည့် အခြေအနေအား အထောက်အကူပြုရန် အပါအဝင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြထားရာတွင် ဝန်ထမ်းများ လစာတိုးမည်ဟု ထင်နေသောကြောင့် လစာတိုးခြင်း မဟုတ်ကြောင်းကို ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားများက တောင်းဆိုခဲ့သည်။အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေ သန်း ၁၀၀ နှင့် စပ်လျဉ်း၍ သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ကမ္ဘာ့ချေးငွေ သန်း ၁၀၀ အနက် ၇၅ သန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသုံးပြု အကောင်အထည်ဖော်မည်ဖြစ်ပြီး ဗဟိုဘဏ်မှ ၂၅ သန်း အသုံးပြုမည်ဖြစ်ကြောင်း ချေးငွေချေးယူခြင်းနှင့် ပတ်သက်၍ သြဂုတ် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဦးမောင်မောင်ဝင်းက ပြောကြားထားသည်။ယင်းချေးယူငွေ သန်း ၁၀၀ အနက် သန်း ၆၀ သည် လစဉ်ချီးမြှင့်ငွေနှင့် ဆိုင်သည့် သာမန် အသုံးစရိတ်ဟု ဖော်ပြထားကြောင်း၊ ဦးဆောင်သည့် ငွေရေးကြေးရေး ဦးစီးဌာနအတွက် ဝန်ထမ်းလစာသည် ပရောဂျက်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းနီးပါး ဖြစ်နေခြင်း (သို့မဟုတ်) နိုင်ငံဝန်ထမ်း အားလုံးအတွက် လစာချီးမြှင့်ငွေပေးရန် အတွက် ဟုတ်၊ မဟုတ် ရှင်းပြပေးစေလိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)က ပြောကြားသည်“တော်တော်လေး ဂယက်ရိုက်သွားတဲ့ ကိစ္စကတော့ ဝန်ထမ်းလစာ၊ စရိတ်ချီးမြှင့်ငွေများကို တိုးချဲ့ရန်အတွက် ဒေါ်လာ သန်း ၆၀ ချေးထားပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုလည်း လစာတိုးဖို့အတွက် ဘယ်ဝန်ကြီးဌာနမှ တင်ပြထားတာ မရှိပါဘူး။ လစာတိုးဖို့လည်း အစီအစဉ် မရှိသေးပါဘူး။ မရှိသေးတဲ့ အချိန်မှာ လစာတိုးမြှင့်ရန် ဆိုပြီးတော့ ချေးငွေနဲ့ တောင်းနေတဲ့ ကိစ္စက ဖြေရှင်းပါ။ ဒီကိစ္စက ဘာကြောင့် ဒီစာသားမျိုး ပါသွားတာလဲ။ ပြီးတော့ နောက်တစ်ခုက ဒီပိုက်ဆံသည် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန တစ်ခုတည်းအတွက်ပဲ ချေးတာပါ။ ကျန်တဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ ဒီချေးငွေ အကျိုး မခံစားရပါဘူး။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဝန်ကြီးဌာနက ကျွန်တော်တို့ ဝန်ကြီးဌာန အတွက်ပဲ ချေးတာပါ။ ကျန်တဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ ဒီချေးငွေက အကျိုးမခံစားရပါဘူး ဆိုတာ ရှင်းလင်းဖို့ လိုပါတယ်” ဟု မင်္ဂလာဒုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။
ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြမှု၌ ဝန်ထမ်းလစာ တိုးချဲ့ရန်အတွက်ဟု ပါဝင်သဖြင့် ဝန်ထမ်းများ လစာတိုးမည်ဟု ထင်နေသောကြောင့် လစာတိုးခြင်း မဟုတ်ကြောင်း ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို