ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သည့် အဖွဲ့အားလုံးနှင့်အတူ ရပ်တည်ကာ အားပေးကူညီမှုကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဇူလိုင် ၂၉ ရက် တွင် ပြောကြားသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၉ရက်က ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေး အဖွင့်တွင် နှုတ်ဆက်စကား ပြောကြားရာ၌ မစ္စတာနမ်ဘီးယားက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေ ဲ့ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ အားပေးကူညီတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်တဲ့နေရာမှာလည်း ပွင့်လင်းမြင်သာစွာ လုပ်သွားဖို့အတွက် ရည်ရွယ်ထားပါတယ်” ဟု မစ္စတာ ဗီဂျေနမ်ဘီးယားက ဘာသာပြန်မှတစ်ဆင့် ပြောကြားသည်။
လက်ရှိ ရရှိလာသည့် အခွင့်အရေးများကို မိမိအတွက် အကျိုးရှိအောင် လက်ဆုပ် လက်ကိုင်မိအောင် အသုံးချနိုင်ရန် လိုအပ်သည်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို မစ္စတာနမ်ဘီးယားက ပြောကြားသည်။
မစ္စတာ ဗီဂျေနမ်ဘီးယားသည် မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မျက်နှာစုံညီ အစည်းအဝေး လေ့လာသူအဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အထူးဖိတ်ကြား ထားခြင်းဖြစ်ပြီး ၎င်းသည် အစည်းအဝေး ပထမနေ့က စတင်၍ အစည်းအဝေး စတုတ္ထနေ့ နံနက်ပိုင်းအထိ တက်ရောက်ခဲ့သည်။
မစ္စတာ ဗီဂျေနမ်ဘီးယားက “လာပြီးတော့ လေ့လာတဲ့ အချိန်အတောအတွင်းမှာ ကျွန်တော်တို့ မြင်ရတာက ဒီမှာရှိနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်များအနေနဲ့ ရှေ့ဆက်သွားနေတဲ့ အချိန်မှာ တစိုက်မတ်မတ်နဲ့ စည်းလုံးညီညွတ်စွာ သွားနေကြတယ် ဆိုတာကို တွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းမှာ ဒီလိုမျိုးသွားကြတဲ့အခါ ပြောင်းလဲနေတဲ့ နိုင်ငံရေး ဖြစ်တည်မှုတွေမှာ အသိအမှတ်ပြုတယ်။ ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေနဲ့အညီ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်ချက် တွေကိုလည်း ပြောင်းလဲပြီးတော့မှ တွေးခေါ်နေတာတွေကို တွေ့ရပါတယ်။ ဒီမျက်နှာစုံညီ အစည်းအဝေး အတွင်းထဲမှာဆိုရင် တက်ရောက်လာကြတဲ့ ခေါင်းဆောင်ကြီးက ကိုယ့်အဖွဲ့အစည်း အသီးသီး ကိုယ့်လူမျိုး အသီးသီးက စိုးရိမ်ပူပန်နေတဲ့ အချက်အလက်တွေ ရေတိုမှာ စိုးရိမ်ပူပန်တဲ့ အချက်တွေရှိတယ်။ ရေရှည်မှာ စိုးရိမ်ပူပန်တဲ့ အချက်တွေကိုလည်း အများကြီး ထုတ်ဖော်ပြောဆိုခဲ့တာတွေ မျှဝေခဲ့တာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီလိုမျိုး ပြောကြတဲ့ အခါမှာဆိုရင် အခုဖြစ်လာမယ့် ၂၁ ရာစု ပင်လုံညီလာခံ အတွက်ကို ကြိုတင်ပြင်ဆင်ဖို့ အတွက် အရေးကြီးတဲ့ အရေးကိစ္စတွေ ဖြစ်ပါတယ်လို့လည်း ယူဆပါတယ်” ဟု ဘာသာပြန်မှတစ်ဆင့် ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဘုံသဘောတူညီချက်များ ကိုင်စွဲပြီး ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဆွေးနွေးနေမှုကို အသိအမှတ်ပြုကြောင်း ၎င်းကဆိုသည်။
ယခု မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါမက တိုင်းရင်းသား နိုင်ငံရေးပါတီများ အမျိုးသမီးများ ပါလာသည့် အတွက်ကြောင့် ကျား မဆိုင်ရာ တန်းတူညီမျှမှု ကိစ္စရပ်များ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ်များ၊ ကလေးအခွင့်အရေး အပါအဝင် အခြားအကြောင်းအရာ များစွာကို ဆွေးနွေးမှုတွင် ပါဝင်လာပြီး ယင်းကိစ္စသည် ရှေ့ဆက်သွားမည့် နိုင်ငံရေး ဆွေးနွေးမှုတွင် အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည်ဟုလည်း မစ္စတာနမ်ဘီးယားက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ ဘုံသဘောထား ရယူနိုင်ရေး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး သဘာပတိအဖြစ် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ဆောင်ရွက်ခဲ့ပြီး အရန်သဘာပတိများအဖြစ် KNPP ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၊ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲတို့က ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တိုင်းရင်းသားပါတီများဖြင့် စုဖွဲ့ထားသော UNA နှင့် NBF တို့မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် အဖွဲ့အားလုံးနှင့်အတူ ရပ်တည်ကာ အားပေးကူညီမှုကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ရည်ရွယ်ထားဟု မိုင်ဂျာယန် အစည်းအဝေးတွင် ကုလသမဂ္ဂ ကိုယ်စားလှယ် ပြောကြား















